October 18, 2024

၂၂. ၁. ၂၀၂၄
Translated by Htwe Ko Tun

တိုက်ပွဲကာလ လေးလအတွင်းရောက်ရှိလာသော ဂါဇာစစ်ပွဲအဆုံးသတ်ရန် ဟားမားစ်တို့၏ ဇန်နဝါရီ ၂၁ ရက်က အဆိုပြုချက်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက လက်မခံဘဲ ပယ်ချခဲ့ပြီးနောက် ဟားမားစ်တို့ ဖမ်းဆီးထားသော ဓားစာခံများ ပြန်လွှတ်ပေးရေးအတွက် အခွင့်အလမ်းများလည်း မှေးမှိန်သွားရပြီဖြစ်ကြောင်း ဟားမားစ်အရာရှိတစ်ဦးက ဇန်နဝါရီ ၂၁ ရက်တွင် တုံ့ပြန်ခဲ့သည်။

“ဟားမားစ်တွေက စစ်ရပ်စဲဖို့လို့လည်းဆိုတယ်။ ဖမ်းထားတဲ့ဓားစာခံတွေက်ု ပြန်လွှတ်ပေးမယ်လည်းပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့တပ်တွေက ဂါဇာက အကုန်ဆုတ်ပေးရမယ်။ လူသတ်ထားတဲ့၊ မုဒိမ်းကျင့်ထားတဲ့သူတွေ ပြန်လွှတ်ပေးရမယ်။ ဟားမားစ်တွေကိုလည်း နဂိုအတိုင်း မတိုက်မခိုက် ခွင့်ပြုရမယ်။ ကျွန်တော်ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ။ လုံးဝပယ်ချပါတယ်” ဟု နေတန်ရာဟုက ပြောခဲ့သည်။

နေတန်ရာဟုအနေဖြင့် ဟားမားစ်တို့ ဖမ်းဆီးထားသော ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးဆောင်ရွက်ရန်ပြည်တွင်း၌လည်း ဖိအားပေးမှုများကို ရင်ဆိုင်နေရသည်။ဇန်နဝါရီ ၂၁ ရက် ညကဆိုလျှင် ဓားစာခံများ၏မိသားစုဝင်များက ဂျေရုဆလင်မြို့ရှိ နေတန်ရာဟုအိမ်၏အပြင်ဘက်၌ ယာယီတဲများထိုးပြီး စုဝေးကာဆန္ဒပြမှုကို စတင်ခဲ့သည်။အစ္စရေးဓားစာခံများနှင့် ပျောက်ဆုံးနေသူများ၏မိသားစုများဖိုရမ်က ဝန်ကြီးချုပ်အနေဖြင့် ဓားစာခံတို့ ပြန်လည်လွတ်မြောက်ရေး သဘောတူညီမှုတစ်ရပ်ရသည်ထိ ဆန္ဒပြသွားမည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း နေတန်ရာဟုကမူ အောင်ပွဲလုံးဝရသည်အထိ ဂါဇာထိုးစစ်ကို ဆက်လက်ဆင်နွှဲသွားမည်ဟုပင် ထပ်မံပြောကြားခဲ့သေးသည်။ သို့သော် အစ္စရေးပြည်တွင်းမှ ဝေဖန်သူများက စစ်ပွဲ၌စွမ်းဆောင် နိုင်ရည်အပေါ် မေးခွန်းထုတ်ခဲ့ကြပြီး အစ္စရေးတပ်ဖွဲ့များ၏ထိုးစစ်မှာ လက်တွေ့မကျကြောင်း ပြောခဲ့ကြကာ နေတန်ရာဟုမှာလည်း ချီတုံချတုံဖြင့် ပြတ်သားမှုမရှိကြောင်း စွပ်စွဲခဲ့ကြသည်။

Ref; The Guardian

Leave a Reply

Your email address will not be published. Required fields are marked *