MT News
၂၁. ၁. ၂၀၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးခရိုင်၊ ဟိုပုံးမြို့နယ်တွင် တရားမဝင် လက်နက်/ခဲယမ်းများ သယ်ဆောင်ရန်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသော ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများဆောင်ရွက်နေစဉ် ဇန်နဝါရီ ၂၀ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် စံဖူးကျေးရွာသို့ရောက်ရှိလာသည့် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများလိုက်ပါ၍ Canter ယာဉ် ၂ စီး၊ Honda Fit ယာဉ် ၁ စီး၊ ဖိုးဝှီးယာဉ် ၂ စီး စုစုပေါင်းမော်တော်ယာဉ် ၅ စီးပါယာဉ်တန်းအားတွေ့ရှိသဖြင့် လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ PNLO ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးက သေနတ်စတင်ပစ်ဖောက်မှု ဆောင်ရွက်လာသည့်အတွက် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
PNLO အဖွဲ့သည် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးကိုရှေးရှု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့ပြီး NCA ပါ သဘောတူညီချက်များအား လေးစားလိုက်နာစေရေး ဆွေးနွေးညှိနှိုင်းခဲ့သည့်အတွက် ပစ်ခတ်မှုရပ်တန့်သွားခဲ့သည်။ သို့သော် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးညှိနှိုင်းစေ့စပ်မှု ဆောင်ရွက်နေစဉ်အတွင်း ယနေ့နံနက်ပိုင်းတွင် ၎င်းတို့ယာဉ်တန်းမှ ယာဉ်များအား မီးရှို့ပြီးထွက်ပြေးသွားခဲ့သဖြင့် ယာဉ်များပေါ်ရှိ ခဲယမ်းဟုယူဆရသောပစ္စည်းများ ပေါက်ကွဲ၍ စံဖူးကျေးရွာရှိ ဒေသခံများ၏ နေအိမ်များသို့ မီးများကူးစက်ခဲ့ပြီးနေအိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့ရသည်။ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ဟိုပုံးမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့မှ မီးသတ်ယာဉ် ၆ စီးနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းမီးငြှိမ်းသတ်မှုကြောင့် မီးငြိမ်းသွားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မီးလောင်ပျက်စီးနေသည့် ယာဉ်များအားစစ်ဆေးခဲ့ရာ Canter ယာဉ် ၂ စီးပေါ်မှ မီးလောင်ပျက်စီးလျက်ရှိသည့် လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနှင့် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့သည်။
မီးလောင်ပျက်စီးမှုကြောင့် နေအိမ်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသော ဒေသခံပြည်သူများအတွက် ပြည်နယ်အစိုးရမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။