October 18, 2024

၂၁. ၁. ၂၀၂၄
Translated by Htwe Ko Tun

အီရန်တော်လှန်ရေးအစောင့်တပ်၏ အပျော်တန်းတပ်ဖွဲ့က အသုံးပြုနေသည်ဆိုသော ဆီးရီးယားနိုင်ငံ၊ ဒမတ်စကပ်မြို့တော်ရှိ လေးထပ်အဆောက်အအုံတစ်ခုကို အစ္စရေးတပ်ဖွဲ့များက ဒုံးကျည်ဖြင့် ဇန်နဝါရီ ၂၀ ရက်ကပစ်ခတ်ခဲ့ရာ အနည်းဆုံးအီရန်နိုင်ငံသားငါးဦးသေဆုံးခဲ့ကြောင်း ဆီးရီးယားနှင့် အီရန်နိုင်ငံပိုင်သတင်းဌာနများကပြောကြားခဲ့ကြသည်။ အဆိုပါတိုက်ခိုက်မှုကအစ္စရေး- ဟားမားစ်စစ်ပွဲကြောင့် မူလကပင် ဒေသအတွင်း တင်းမာနေမှုများကို ပို၍မြင့်တက်လာစေခဲ့ကြောင်း သုံးသပ်ခဲ့ကြသည်။

လုံခြုံရေးအစောင့် တင်းကြပ်သော ဒမတ်စကပ်အနောက်ပိုင်း မာဇီဒေသရှိ ထိုအဆောက်အအုံမှာ လုံးဝ ပျက်စီးသွားခဲ့ကြောင်း ဆီးရီးယားစစ်တပ်က ပြောခဲ့သည်။ အစ္စရေးလေတပ်က ဂိုလန်ကုန်းမြင့်ဒေသပေါ်၌ လေယာဉ်များကိုပျံသန်းကာ ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆီးရီးယားဘက်က ပြောခဲ့ကြသည်။ အစ္စရေးစစ်ဖက်ကမူ တစ်စုံတစ်ရာဝေဖန်ပြောကြားမှုမရှိပေ။

ပျက်စီးလျက်ရှိသော လေးထပ်အဆောက်အအုံပတ်လည်တွင် လုံခြုံရေးအစောင့်များနှင့် သူနာတင် ယာဉ်များ၊ မီးသတ်ကားများရပ်ထားကြကာ အပျက် အစီးများအောက်တွင် ရှာဖွေကယ်ဆယ်ရေးများပြုလုပ် နေသည်ကို တွေ့ကြရသည်။ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ဒုံးကျည်ဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အဆက်မပြတ်ပေါက်ကွဲသံ ငါးချက်ကြားခဲ့ရကြောင်း အနီးရှိကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကပြောခဲ့သည်။ အနီးအနားရှိ အဆောက် အအုံများ၏ မှန်များလည်း ကွဲအက်ကုန်ကြသည်ကို တွေ့ကြရသည်။

တိုက်ခိုက်မှုတွင်သေဆုံးရသူ ငါးဦးအနက်တစ်ဦးမှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ တပ်ဖွဲခွဲတစ်ခုဖြစ်သော Quds Force ၏ ဆီးရီးယားနိုင်ငံအတွင်း ထောက်လှမ်းရေး ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး ဆာဒက် အိုမစ်ဇာဒက် ဖြစ်သည်ဟုလည်း သတင်းများက ဆိုသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ နတ်ဆာ ကာနာနီက အစ္စရေးတို့၏လေကြောင်းမှ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအား ရှုတ်ချခဲ့ပြီး အီရန်အစိုးရအနေဖြင့် ဇီယွန်ဝါဒီအစ္စရေးအစိုးရ၏ အကြမ်းဖက်မှုကို သင့်တော်သောအချိန်၊ သင့်တော်သည့်နေရာတွင် လက်တုံ့ပြန်သွားမည်ဟုပြောခဲ့သည်။

Ref- npr

Leave a Reply

Your email address will not be published. Required fields are marked *