October 18, 2024

ရန်ကုန်-ပုသိမ်၊ ပုသိမ်-ချောင်းသာ၊ ပုသိမ်-ငွေဆောင် လမ်းများကိုလည်း နှစ်အလိုက်ခွင့်ပြု ဘတ်ဂျက်ဖြင့် အဆင့်မြှင့်တင်ပေးမည်

၂၁. ၁. ၂၀၂၄
Written by Nyein Kyaw

ပုသိမ်လေဆိပ်ကို နိုင်ငံတကာ လေယာဉ်များ ဆင်းသက်နိုင်သည်အထိ ‌ဆောင်ရွက်နေသည့်အပြင် ပုသိမ်-ချောင်းသာ၊ ပုသိမ်-ငွေဆောင်နှင့် ရန်ကုန်-ပုသိမ်လမ်းကြောင်းများကိုလည်း နှစ်အလိုက် ခွင့်ပြုဘတ်ဂျက်များဖြင့် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်လေဆိပ်ကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံ တကာမှ လေယာဉ်များဆင်းသက်နိုင်သည်အထိ ဆောင် ရွက်ပေးနိုင်ရေး စီမံချက်ရှိကြောင်း၊ ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်သဖြင့် လမ်းကြောင်းများပေါ်ရှိ မြို့ရွာများ စနစ်ကျနမှုရှိစေရေး၊ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်ကြရန်လိုပြီး မြို့ပြစီမံကိန်းများအနေဖြင့် စနစ်ကျနရန်လိုအပ်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဒေသခံများ၏ တောင်းဆိုချက်ဖြစ်သည့် ပုသိမ်-ချောင်းသာ၊ ပုသိမ်-ငွေဆောင် လမ်းကြောင်းပေါ်ရှိ ဘေလီတံတားအား အဆင့်မြှင့်တင်ပေးလိုမှုနှင့် ရန်ကုန်-ပုသိမ်လမ်းကြောင်းအား အဆင့်မြှင့်တင် ပေးစေလိုမှုတို့အပေါ် ‌ရေရှည်စီမံချက်များချမှတ်၍ နှစ်အလိုက်ခွင့်ပြု ဘတ်ဂျက်များဖြင့် ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းတင်ပြခဲ့သည်။

ယခင်က ပုသိမ်ဒေသအနေဖြင့် ကုန်စည်ကူးသန်းရောင်း ဝယ်မှုကို ရေကြောင်းကိုသာ အဓိကအသုံးပြု၍ ဆောင် ရွက်နေရသည့်အတွက် လက်ရှိတွင် ရေကြောင်းခရီးသွားလာရေး၊ ရေကြောင်း ကုန်စည်ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး စီမံချက်ဆောင်ရွက်နေကြောင်း၊ ဒေသတွင်းရှိ ရထားပို့ဆောင်ရေးခရီးစဉ်များကိုလည်း အကျိုးရှိရှိ အသုံးချစေလိုကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *