October 18, 2024

၂၀. ၁. ၂၀၂၃
Written by Nyein Kyaw

၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်ခဲ့သည့် အရှေ့ မြောက်ပိုင်းဒေသ လက်နက်ကိုင်ပဋိပက္ခများသည် အာဏာကို ဥပဒေနှင့်အညီမယူဘဲ ဖြတ်လမ်းနည်းဖြင့် ရယူရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ အရှေ့မြောက်ပိုင်းဒေသတွင် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုသို့ဖြစ်ပေါ်နေခြင်းမှာ အာဏာကို ဥပဒေနှင့်အညီ ရရှိနိုင်ရန် ဆောင်ရွက်ခြင်းမပြုဘဲ ဖြတ် လမ်းနည်းဖြင့် ရယူရန်ကြိုးပမ်းလာခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်သူတစ်ရပ်လုံး လိုလားလျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ်ပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်သည့်အတွက် ဒီမိုကရေစီကျင့်စဉ်နှင့် နည်းလမ်းများကို လေးစားလိုက်နာရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မရယူရန် လုပ်ဆောင်လာခဲ့သောကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရ အ‌ရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အကြိုလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းစဉ်များပြီးစီး၍ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးပါက ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေးကို ဦးတည်ချက်ထား၍ ဆောင်ရွက်နေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၌ စစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA)တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ထားခဲ့ပြီးနောက် တပ်မတော်စခန်းများ၊ ကုန်သွယ်ရေး လမ်းကြောင်းများ၊ ကုန်သွယ်ရေးစခန်းများကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပဋိပက္ခများကြောင့် ယနေ့အချိန်အထိ မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးမှာလည်း အားလုံးရပ်တန့်ခဲ့ရသလို လက်နက်ကိုင် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံအနှံ့အပြားတွင် နေရပ်စွန့်ခွာနေရသူ အနည်းဆုံး နှစ်သန်းကျော်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးအဖွဲ့က ပြောထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *