October 18, 2024

၂၀. ၁. ၂၀၂၄
Written by Nay Aung

မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂ လကျော်အတွင်း တိုက်ပွဲအသစ်များထပ်မံဖြစ်လာခဲ့ခြင်းကြောင့် ကန့်သတ်ချက်များလည်း ရှိလာခဲ့ရာ ကျန်းမာရေးဝန်ထမ်းများ အခက်အခဲများစွာတွေ့ကြုံနေရကြောင်း နိုင်ငံတကာ ကျန်းမာရေးကူညီပံ့ပိုးပေးမှုအဖွဲ့စည်းတစ်ခုဖြစ်သော နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF က ထုတ်ဖော်ပြောဆိုလိုက်သည်။

တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ကျန်းမာရေးအဆောက်အဦများ ထိခိုက်ပျက်စီးမှုများရှိခဲ့သလိုကျန်းမာရေးအဆောက်အဦများကို စွန့်ပစ်မှုများရှိလာခဲ့ကြောင်း၊ အသက်အန္တရာယ်ဘေးကင်းလုံခြုံရန်အတွက်နေရပ်စွန့်ခွာသူ အရေအတွက်လည်း ပိုမိုများပြားလာနေကြောင်း MSF ကပြောသည်။ တိုက်ပွဲများကြောင့် လမ်း များပိတ်ဆို့ခြင်းအပြင် အခြားကန့်ကတ်ချက်များကြောင့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများကြား ရောဂါအခြေအနေကို တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ရန် အခက်အခဲများရှိလာခဲ့ပြီး ဆေးဝါးကူညီထောက်ပံ့ပေးနိုင်ရန်ရုန်းကန်နေရကြောင်း MSF က ပြောသည်။

တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဆေးပေးခန်း သို့မဟုတ် ကျန်းမာရေးအဆောက်အဦများလုပ်ငန်းများလုပ်ကိုင်နိုင်ခြင်းမရှိခဲ့ကြောင်း၊ တစ်ပတ်ကို လူနာပေါင်း ၁၅၀၀ ကျော်နှင့် ကျန်းမာရေးကိစ္စများ တိုင်ပင်ဆွေးနွေးကူညီပေးနေသည့် ကျန်းမာရေးဆိုင်ရာအဆောက်အဦ ၂၅ ခုခန့်သည် လုပ်ငန်းများပုံမှန်လုပ်ကိုင်ရန်အခက်အခဲ၊ အတားအဆီးများဖြင့်တွေ့ကြုံနေရကြောင်း MSF က ပြောသည်။

MSF ၏ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သည် ကိုအောင်အောင်က “ရခိုင်ပြည်နယ်ရဲ့အခြေအနေတွေကအရင်နဲ့မတူတော့ဘူး။ တိုက်ပွဲဖြစ်ပွားမှုတွေမြင့်တက်လာတဲ့အတွက် လုပ်ငန်းတွေကို ပုံမှန်အတိုင်းမလုပ်နိုင်တော့ဘူး။လမ်းသွားရတာလည်း မလုံခြုံတော့သလိုခံစားရတယ်။လယ်ကွင်းတွေထဲကနေ ဖြတ်သန်းသွားရတာမျိုးတွေရှိနေပါတယ်။ အခြေအနေတွေ ပိုမိုဆိုးရွားလာမှာကို စိုးရိမ်နေရတယ်” ဟုပြောသည်။

ပေါက်တောမြို့နယ်ရှိ MSF အဖွဲ့၏ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သောကိုမင်းသူကလည်း ” လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အစားအစာနဲ့ သယ်ယူပို့ဆောင်ရေးတွေအတွက် စိန်ခေါ်မှုတွေရှိလာတယ်။ ကျွန်တော်တို့ဟာ ရိက္ခာပုံမှန်မရတော့ဘူး။ ကုန်ဈေးနှုန်းတွေလည်းမြင့်တက်လာနေတယ်။ တိုက်ပွဲတွေမဖြစ်ပွားခင်က ကျွန်တော်တို့သွားလိုတဲ့နေရာတွေကို အာဏာပိုင်တွေကို ခွင့်ပြုချက်တောင်းခံရာမှာ သွားလာလှုပ်ရှားလို့ရပေမယ့် လက်ရှိအချိန်မှာတော့ မရတော့ဘူး” ဟုပြောသည်။

ရသေ့တောင်မြို့နယ်ရှိ MSF အဖွဲ့၏ ဝန်ထမ်းတစ်ဦးဖြစ်သော ကိုရန်နိုင်ကလည်း ” ရသေ့တောင်အတွင်းရှိ နေရာအချို့မှာ ပစ်ခတ်မှုတွေဖြစ်ပွားနေတယ်။ နေ့စဉ်နေ့တိုင်းသတင်းတွေ အမျိုးမျိုးကြားနေရတယ်။ တိုက်ပွဲတွေကြောင့် ကုန်းလမ်းကြောင်းအပြင် ရေလမ်းကြောင်းတွေလည်း ပိတ်ဆို့သွားတာကြားနေရတယ်” ဟုပြောသည်။

Ref doctorswithoutborders

Leave a Reply

Your email address will not be published. Required fields are marked *