October 18, 2024

၂၀. ၁. ၂၀၂၄
Written by Pan Ei

ဂျပန်စာရေးဆရာမ Rie Kudan ဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာအရှိဆုံး စာပေဆုတွေထဲက တစ်ခုကို သူမရဲ့ “The Tokyo Tower of Sympathy” ဝတ္ထုစာအုပ်နဲ့ ရရှိခဲ့ပြီးနောက် သူမဟာ ပုံမှန်မဟုတ်တဲ့ အကိုးအကားအဖြစ် AI ရဲ့ Chatbot ပရိုဂရမ် ChatGPT ဆီကနေ အကူအညီရယူခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

“ကျွန်မရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို အပြည့်အဝ ဖော်ပြရင်းနဲ့ ဝတ္ထုတွေရေးရာမှာ AI ကို အသုံးပြုခြင်းကနေ အကျိုးအမြတ် ဆက်လက်ရရှိဖို့ စီစဉ်နေပါတယ်” လို့ ဝတ္ထုရဲ့ အကောင်းဆုံးလက်ရာအတွက် ဆုချီးမြှင့်ခံခဲ့ရတဲ့ အသက် ၃၃ နှစ်အရွယ် Kudan က ပြောကြားခဲ့တာပါ။

အဲ့ဒီနောက် ကော်မတီဝင်တွေက လက်တွေ့ကျကျ ချွတ်ယွင်းချက်မရှိဘူးလို့ ချီးကျူးခဲ့ကြတဲ့ သူမရဲ့ စာအုပ် “The Tokyo Tower of Sympathy” ရဲ့ ၅ ရာခိုင်နှုန်းလောက်ဟာ AI အကူအညီရယူထားတာဖြစ်တယ်လို့ ဆုချီးမြှင့်တဲ့ပွဲမှာ စာရေးသူက အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။

Kudan ရဲ့ ဝတ္ထုမှာ AI ဟာ နေ့စဉ်လူနေမှုဘဝရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာတဲ့ မဝေးတော့တဲ့ အနာဂတ်ကို စိတ်ကူးယဉ်ကာ ရေးသားထားပြီး ရာဇဝတ်ကောင်တွေအတွက် ပြန်လည်ထူထောင်ရေးစင်တာကို တည်ဆောက်နေတဲ့ ဗိသုကာပညာရှင် Sara Makina နဲ့ သူမရဲ့ အတ္ထုပ္ပတ္တိကို ရေးသားနေတဲ့ လူငယ် Takuto တို့အကြောင်းတွေပါဝင်ပါတယ်။

စာရေးဆရာနဲ့ ဆုပေးရေးကော်မတီအဖွဲ့ဝင် Keiichiro Hirano ကတော့ X(အရင် Twitter) မှာ ဆုရွေးချယ်ရေးကော်မတီက Kudan ရဲ့ AI အသုံးပြုမှုကို ပြဿနာအဖြစ် မမြင်ခဲ့ကြောင်း ပြောကြားခဲ့သလို “အနာဂတ်မှာတော့ ခုလို အသုံးပြုမှုနဲ့ ပတ်သက်ပြီး ပြဿနာတွေရှိလာနိုင်ပေမဲ့ ‘Tokyo Sympathy Tower’ နဲ့တော့ မသက်ဆိုင်ပါဘူး” လို့ သူက ပြောကြားခဲ့ပါတယ်။

တီထွင်ဖန်တီးသူအများအပြားဟာ နည်းပညာကြောင့် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ခြိမ်း ခြောက်ခံနေရတယ်လို့ ခံစားနေကြရချိန်မှာ တီထွင်ဖန်တီးမှုတွေကို ဉာဏ်ရည်တုကို အသုံးပြုပြီး အငြင်းပွားဖွယ်ရာတွေ ဖန်တီးခဲ့တဲ့ သူမက ပထမဆုံးသော အနုပညာရှင်မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်က ဘာလင်အခြေစိုက် ဓာတ်ပုံဆရာ ဘိုရစ် အယ်ဒါဂဆန် ကလည်း နည်းပညာကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံအမျိုးအစားနဲ့ သူအနိုင်ရရှိခဲ့တာလို့ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် သူအနိုင်ရရှိခဲ့တဲ့ ဆိုနီကမ္ဘာ့ဓာတ်ပုံဆုပေးပွဲကနေ နုတ်ထွက်ခဲ့ပါတယ်။

ဒါပေမဲ့ ဆိုရှယ်မီဒီယာပေါ်က လူတချို့က Kudan ရဲ့ AI နဲ့ ဖန်တီးထားပြီး အသုံးပြုမှုအပေါ် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြပြီး အခုအခါ သူမရဲ့ အလုပ်ကို ပိုစိတ်ဝင်စားလာတယ်လို့ ပြောဆိုကြပေမဲ့ တချို့ကတော့ နည်းပညာအကူအညီမပါဘဲ ရေးခဲ့တဲ့ တခြားစာရေးဆရာတွေကို မခန့်လေးစားလုပ်တာဖြစ်လို့လည်း မှတ်ချက်ပေးခဲ့ကြပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *