October 18, 2024

၂၀. ၁. ၂၀၂၄
Written by Nyein Kyaw

လယ်မြေများကို ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ မြို့မြေ၊ ရွာမြေကဲ့သို့ အခိုင်အမာအဆောက်အအုံများ ဆောက်လုပ်ခြင်းမျိုးသည် တည်ဆဲလယ်ယာမြေဥပဒေနှင့် လယ်ယာမြေနည်းဥပဒေများကို မျက်ကွယ်ပြု ဆောင်ရွက်နေခြင်းဖြစ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ ထိန်းသိမ်းဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။

ဇန်နဝါရီ ၂၀ ရက်တွင် ပြုလုပ်သည့် လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ (Standard Operating Procedure -SOP) ရေးဆွဲပြုစုရေးဦးစီးကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးမင်းနောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စိုက်ပျိုးမြေများ မလျော့ပါးစေရေးနှင့် တိုးပွားလာသော ပြည်သူလူထုအတွက် နေထိုင်နိုင်ရန် မြေနေရာလုံလောက်ရေး၊ တိုးတက်ဖွံ့ဖြိုးလာသော စက်ရုံအလုပ်ရုံများအတွက် မြေနေရာအသုံးပြုနိုင်ရေးတို့ကို အခြေခံ၍ အဆိုပါလိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မည့် (Standard Operating Procedure – SOP) ပေါ်ထွက်လာစေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

လက်ရှိတွင် လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့်ကို အစိုးရကဆိုင်းငံ့ထားသကဲ့သို့ လယ်ယာမြေပေါ်၌ ကျောက်တိုင် စိုက်ထူထားလျှင်ပင် အမိန့်နှင့် ပြန်နှုတ်ခိုင်းခြင်းကြောင့် လယ်ယာမြေများကို အကွက်ရိုက် ရောင်းချနေခြင်းသည် ခိုင်မာမှုမရှိသည့်အတွက် ဝယ်ယူနေထိုင်ခြင်းမျိုးမပြုလုပ်သင့်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။ သို့သော် လည်း လယ်ယာမြေပေါ်ရှိ အိမ်ခြံမြေအကွက်များကို ယခုနောက်ပိုင်းတွင် ယခင်ထက် ပိုမိုရောင်းချလာမှုများလည်းရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *