October 18, 2024

၂၀၂၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံက တတိယအများဆုံးနိုင်ငံဖြစ်နေ

၂၀. ၁. ၂၀၂၄
Written by Nay Aung

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းတွင်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံစာရင်းထဲတွင် တတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်း အမေရိကန် အခြေစိုက်အဖွဲ့စည်းတစ်ခုဖြစ်သည့် ACLED အဖွဲ့ကပြောသည်။

အဆိုပါအဖွဲ့သည် ကမ္ဘာတဝှမ်းတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများကို စောင့်ကြည့်ပြီးနောက်၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားသော စစ်ပွဲနှင့်ပဋိပက္ခများကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံများစာရင်းကို ထုတ်ပြန်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သေဆုံးခဲ့သော အရေအတွက်သည် ပြီးခဲ့သော ၄နှစ်အတွင်း သေဆုံးခဲ့သောအရေအတွက်ထက် ပိုမိုများပြားနေကြောင်း ACLED က ဖော်ပြထားသည်။ ယူကရိန်းစစ်ပွဲအပြင်၊ အစ္စရေးနှင့်ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲနှင့် အခြားလက်နက်ကိုင်ပဋိပက္ခများကြောင့်၂၀၂၃ ခုနှစ်အတွင်းတွင် ကမ္ဘာတဝှမ်းတွင် လူပေါင်း ၁၇၀၀၀၀ ကျော် သေဆုံးခဲ့ကြောင်းဖော်ပြထားသည်။

၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သောစစ်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံများစာရင်းတွင် ယူကရိန်းနိုင်ငံက ထိပ်ဆုံးတွင်ရှိနေပြီး ပါလက်စတိုင်းနိုင်ငံက ဒုတိယနေရာတွင်ရှိနေခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံက တတိယနေရာတွင်ရှိနေခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း အနည်း ဆုံး ၁၅၈၀၀ သေဆုံးခဲ့ကြောင်း ACLED အဖွဲ့က ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့ရာ အမေရိကန်အစိုးရက အမေရိကန်နိုင်ငံသားများကို မြန်မာနိုင်ငံသို့ ခရီးမသွားရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် အစိုးရတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအပြင် အစိုးရကို လက်နက်ကိုင်ဆန့်ကျင်နေသောအဖွဲ့စည်းပေါင်း ရာနှင့်ချီရှိနေကြောင်းလည်း ACLED က ဖော်ပြထားသည်။

Ref ACLED

Leave a Reply

Your email address will not be published. Required fields are marked *