October 18, 2024

၂၀. ၁. ၂၀၂၄
Written by Pan Ei

ဂျပန်နိင်ငံရဲ့အာကာသယာဉ်ဟာ လကမ္ဘာပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တဲ့အတွက် ဂျပန်နဲ့ ပြင်ပက အာကာသဝါသနာရှင်တွေအတွက် ဝမ်းသာဂုဏ်ယူစရာဖြစ်နေခဲ့ပေမဲ့ ချို့ယွင်းနေတဲ့ ဆိုလာစနစ်တွေကြောင့် သူ့ရဲ့ မစ်ရှင် ပန်းတိုင်အားလုံးကို ပြီးမြောက်နိုင်မလားဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

Moon Sniper လို့ နာမည်ပြောင်ပေးထားတဲ့ ဂျပန် အာကာသယာဉ်ဟာ လေးလကြာခရီးစဉ်ရဲ့ နောက်ဆုံးအဆင့်မှာ ဂျပန်ဒေသစံတော်ချိန် ဇန်နဝါရီ ၂၀ ရက် နံနက် ၁၂ နာရီ မိနစ် ၂၀ ခန့်က လမျက်နှာပြင်ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး ကမ္ဘာအရပ်ရပ်က လူတွေကလည်း စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြပါတယ်။

ဒါပေမဲ့ လကို စုံစမ်းစစ်ဆေးဖို့အတွက် Smart Lander (SLIM) ဟာ လပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပေမဲ့ နေရောင်ခြည်စွမ်းအင်သုံးစနစ်မှာ ပြဿနာတွေရှိနေပြီး အခုအခါ အင်ဂျင်နီယာတွေက မစ်ရှင်ကို ကယ်တင်ဖို့ တိုက်ပွဲဝင်နေကြရပါတယ်။ လက်ရှိ SLIM ဟာ အကန့်အသတ်ရှိတဲ့ ဘက်ထရီပါဝါနဲ့ လည်ပတ်နေကာ နာရီပေါင်းများစွာခံမယ်လို့ မျှော်လင့်ရပေမဲ့ ဆိုလာပြားပြဿနာဟာ အာကာသယာဉ်က ရည်ရွယ်ထားတဲ့ ဦးတည်ရာကိုညွှန်ပြနိုင်ခြင်း မရှိခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ (JAXA) က တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

လပေါ်က နေရောင်ခြည်ရှုထောင့် ပြောင်းလဲလာတာနဲ့အမျှ ဆိုလာပြားတွေဟာ ပြန်လည်အားသွင်းနိုင်မယ်လို့ မျှော်လင့်ရပေမဲ့ အဲ့ဒါဟာ အချိန်အနည်းငယ်ကြာနိုင်တာကြောင့် SLIM ဟာ အအေးလွန်လှတဲ့လပေါ်က ညတွေမှာ ရှင်သန်နိုင်မှုအပေါ် မှာလည်း မူတည်မှာ ဖြစ်ကြောင်း JAXA အဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အနီအောက်ရောင်ခြည်သုံး ကင်မရာပါရှိတဲ့ အဆိုပါယာဉ်ဟာ လာမယ့်နှစ်ပတ်အတွင်း ဒေသဆိုင်ရာဘူမိဗေဒကို လေ့လာဖို့ဖြစ်ကာ ဒါပေမဲ့ ခုလို ချို့ယွင်းချက်တွေကြောင့် ရနိုင်တဲ့အချိန်အတွင်း ဒီစုံစမ်းစစ်ဆေးမှုက ဘယ်လောက်အောင်မြင်နိုင်မယ်ဆိုတာကတော့ မသေချာသေးပါဘူး။

လက်တွေ့အရ လပေါ်ကို ဆင်းသက်ဖို့ဆိုတာ အလွန်ခက်ခဲကြောင်း သက်သေပြခဲ့ပြီး “ပျော့ပျောင်းတဲ့ ဆင်းသက်ခြင်းအတွက် ကျွန်ုပ်တို့အောင်မြင်တယ်လို့ ထင်ပါတယ်။ ဆင်းသက်ပြီးနောက်ပိုင်း ဒေတာတွေကို ကမ္ဘာမြေဆီ အဆက်မပြတ် ပေးပို့နေပါတယ်” လို့ JAXA ဥက္ကဋ္ဌ Hiroshi Yamanaka က ဒီမနက် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကာ နောက်ထပ် JAXA အရာရှိတစ်ဦးကလည်း အဆိုပါမစ်ရှင်ဟာ လူငယ်မျိုးဆက်သစ်တွေကို “ဒီလို စိန်ခေါ်မှု ပရောဂျက်တွေကို ကိုင်တွယ်ပြီး လိုက်လုပ်စေချင်တယ်” လို့ ဖော်ပြခဲ့ပါတယ်။

မစ်ရှင်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တစ်ဝက်သာ အောင်မြင်သေးတယ်လို့ ယူဆလို့ရပေမဲ့ ခုလို လကမ္ဘာပေါ် အာကာသယာဉ် ဆင်းသက်နိုင်ခဲ့တဲ့ လုပ်ဆောင်ချက်ကြောင့် အာရှနိုင်ငံဖြစ်တဲ့ ဂျပန်ဟာ အမေရိကန်၊ ဆိုဗီယက်ယူနီယံ၊ တရုတ်နဲ့ အိန္ဒိယတို့ ပြီးပါက လပေါ် အာကာသယာဉ်ဆင်းသက်နိုင်ခဲ့တဲ့ ကမ္ဘာ့ပဉ္စမမြောက်နိုင်ငံအဖြစ် သမိုင်းဝင်ခဲ့နိုင်ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *