၂၀. ၁. ၂၀၂၄
translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ နာခွမ်ဆာဝမ်ပြည်နယ်အတွင်း ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းက နိုင်ငံမြောက်ပိုင်းသို့ ဦးတည်မောင်းနှင်လာသော ရထားတစ်စီးက ကားလမ်းနှင့် ရထားလမ်း ဖြတ်သန်းရာနေရာတစ်ခု၌ ကုန်ကားတစ်စီးအား ဝင်တိုက်ခဲ့ရာ ရထားမောင်းသူသေဆုံးပြီး ခရီးသည် လေးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဖြစ်အပျက်ကိုတွေ့မြင်သူများ၏ပြောကြားချက်များအရ ဘန်ကောက်မြို့ အဖီဝတ်ဘူတာမှ ချင်းမိုင်မြို့သို့ မွန်းလွဲပိုင်းတွင် ထွက်ခွာလာသော ရထားအမှတ် ၁၀၉ က ချွန်ဆန်းခရိုင်အတွင်းအရှိန်မြှင့်၍ ခုတ်မောင်းလာခဲ့ကြောင်း၊ သို့သော် မြေတူးစက်ယန္တရားတစ်ခုကိုသယ်ဆောင်လာသော ထရပ်ကားက ရှေ့တွင် ကား- ရထား လမ်းဖြတ်သန်းရာနေရာရှိသည်ကို သေချာစွာသိပုံမရဘဲ ရထားလမ်းကိုဖြတ်ခဲ့ရာတွင် တိုက်မိမှုဖြစ်ပွားရခြင်းဟုဆိုကြသည်။
ပြင်းထန်လှသောတိုက်မိမှုကြောင့် ထရပ်ကားမှာလည်း ပက်လက်လန်တိမ်းမှောက်ကာ ရထားနှင့်အတူ မီတာ ၄၀၀ ခန့်အထိ သံလမ်းတစ်လျှောက် ဒရွတ်တိုက်ဆွဲ၍ပါသွားခဲ့သည်။ မြေတူးစက်ကမူ ကားပေါ်မှ လွင့်စင်ကျကာ သံလမ်းပေါ်တွင်ပင် ပက်လက်လန်နေသည်ကိုတွေ့ကြရသည်။
ကယ်ဆယ်ရေးအဖွဲ့၏ပြောကြားချက်အရ ရထားဦးပိုင်းမှာလည်း ဆိုးဝါးစွာထိခိုက်ပျက်စီးသွားခဲ့ပြီး ရထားမောင်းသူမှာသေဆုံးခဲ့ရကာ ရထားစီးခရီးသည်လေးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံ ရထားပို့ဆောင်ရေးဌာနက အဆိုပါရထားလမ်းပိုင်းအား ယာယီပိတ်ထားကာ ပြုပြင်ရှင်းလင်းမှုများပြုလုပ်လျက်ရှိသော်လည်း ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းထိ ရထားလမ်းကို ပြန်လည်ဖွင့်လှစ်နိုင်ဖွယ် မရှိသေးကြောင်း သိရသည်။
Ref- Nation Thailand