October 18, 2024

၁၉. ၁ .၂၀၂၄
Written by Hey Mar

အရှိန်မြှင့် မောင်းနှင်လာတဲ့ ဆိုင်ကယ်က လမ်းလယ်ပလက်ဖောင်းနဲ့ ဓာတ်တိုင်ကို ဝင်ရောက်တိုက်မိကာ ဆိုင်ကယ်မောင်းနှင်လာသူ နေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဥ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မနေ့က ဇန်နဝါရီ ၁၈ ရက် ည ၉ နာရီခွဲအချိန်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ မျိုးဆက်သစ်လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဥ်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယာဥ်ထိန်းရုံးအနီးရှိ ဂေါက်ကွင်းရှေ့လမ်းမှာ ဖြစ်ပွားခဲ့ပြီး ရွှေညောင်ပင်ရပ်ကွက်နေ အသက် ၄၀ နှစ် ဝန်းကျင်အရွယ် ဦးထွန်းထွန်း ဆိုသူ တစ်ဦးတည်း စီးနင်းမောင်းနှင်လာတဲ့ ဆိုင်ကယ်က လမ်းလယ်ပလက်ဖောင်းနဲ့ ဓာတ်တိုင်ကို ဝင်ရောက်တိုက်မိခဲ့ရာဦးခေါင်း၊ နောက်စေ့၊ မျက် နှာ၊ နားထင်တို့မှာ ပေါက်ပြဲဒဏ်ရာတွေရရှိပြီး အခင်း ဖြစ်နေရာတင် သေဆုံးခဲ့တာလို့ သိရပါတယ်။

“မြစ်ကြီးနားမှာယာဥ်တိုက်မှုမှန်သမျှ မူးယစ်သောက်စားပြီး မောင်းရာက ဖြစ်တာများတယ်။ အခုက အရှိန်လည်း များပုံရပြီး ဆိုင်ကယ်စီး ဦးထုပ်လည်း မဆောင်းထားပါဘူး။ နေရာအနီးလည်းမတွေ့ပါဘူးလို့” မျိုးဆက်သစ်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၇ ရက်နေ့ကလည်း ကားတစ်စီးက ဆိုင်ကယ် ၃ စီးကို ဖြတ်တိုက်ကျော်တက် မောင်းနှင်ပြေးသွားတဲ့ ဖြစ်စဥ် မြစ်ကြီးနားမှာပဲ ဖြစ်ပွားခဲ့ပြီး အသက် ၂၀ ကျော်အရွယ် လူငယ် ခေါင်းပြင်းထန် ဒဏ်ရာနဲ့ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ရဲလုပ်ငန်းစဥ်တွေ အပြီးမှာ မျိုးဆက်သစ်လူမှုကူညီရေးအသင်းယာဥ်နဲ့ မြစ်ကြီးနားပြည်သူဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့​တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – မျိုးဆက်သစ် လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *