၁၉. ၁. ၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းမကြီး၊ Denko ဆီဆိုင်ရှေ့တွင် ဇန်နဝါရီ ၁၈ရက် ညပိုင်းက လိုက်ထရပ်ယာဥ်နှင့်တွဲကား တိုက်မိရာမှ အမျိုးသား၂ ဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် တွဲလက်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီ ၁၈ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က လိုက်ထရပ်ယာဥ်နှင့် တွဲကားတို့ တိုက်မိရာမှ လိုက်ထရပ်ယာဥ်ပေါ်မှ ယာဥ်မောင်းနှင့်ယာဥ်အကူ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် လိုက်ထရပ်ယာဥ်မှာ ကြေမွပျက်စီးခဲ့ပြီး ကားခေါင်းခန်းတွင် ညပ်နေသော အသက် ၄၀ ကျော်အရွယ် ယာဥ်မောင်းမှာ နေရာတွင်ပင် သေဆုံးခဲ့ကာ အသက် ၃၅ နှစ် ဝန်းကျင် ယာဥ်အကူမှာ ခန္ဓာကိုယ် အတွင်းအပြင် ဒဏ်ရာများရရှိသဖြင့် အနာဂါတ်သွေးနှင့်လူမှုကူညီရေးအသင်းနှင့် ပူးပေါင်းကာ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဥ် လမ်းခုလတ်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားကကြေသွားတော့ ယာဥ်မောင်းက အထဲမှာညပ်နေတာ။ ခြေတွေလက်တွေရော အကုန်ကျိုးသွားတယ်။ ယာဥ်အကူကလည်း ကားခေါင်းခန်းမှာပဲ ညပ်နေတာ ဒဏ်ရာတွေက များတယ်။ သူ့ကိုဆေးရုံကို ပို့ပေမယ့် လမ်းမှာပဲ ဆုံးသွားတယ်”ဟု တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။