October 18, 2024

၁၉. ၁. ၂၀၂၄
Written by Hey Mar

ဇနီးဖြစ်သူကို သင်္ဂြိုဟ်မယ့် တစ်ရက်အလို ညဘက်မှာ ခင်ပွန်းဖြစ်သူကပါ ထမင်းစားနေစဥ် ရုတ်တရက်ကွယ်လွန်ခဲ့တာကြောင့် အုတ်တွင်းမြို့နေဒေသခံတချို့ကြားမှာ ကံတူအကျိုးပေး တမလွန်ခရီးရယ်လို့ ပြောစမတ်ဖြစ်ခဲ့ပြီး ဒေသခံ ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်းကပဲ နှစ်ဦးယှဉ်တွဲ အအေး အခေါင်း ကူညီတပ်ဆင်ကာ ဒီနေ့မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဇနီးကွယ်လွန်ပြီး နောက်ရက်မှာ လိုက်ပါ သေဆုံးသူအမျိုးသားဟာ ရှေ့နေ ဦးမြသိန်း အသက် ၈၉ နှစ်ဖြစ်ပါတယ်။ သူဟာ ဇန်နဝါရီ ၁၇ ရက်နေ့က ကွယ်လွန်သွားပြီဖြစ်တဲ့ ဇနီးဖြစ်သူ ဒေါ်နုနုယဉ် ၈၇ နှစ်ကို မသင်္ဂြိုဟ်မီ တစ်ရက်အလို ဇန်နဝါရီ ၁၈ ရက်နေ့ ည ၇ နာရီဝန်းကျင်က ဦးမြသိန်းဟာ ထမင်းစားရင်း ရုတ်တရက်လဲကျသတိလစ်ရာကနေ အသက်ပါသွားခဲ့တာကြောင့် ဒီနေ့ ဇန်နဝါရီ ၁၉ ရက်မှာ ဇနီးမောင်နှံနှစ်ဦးစလုံးကို အတူတူ သင်္ဂြိုဟ်လိုက်တာလို့ ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။

အဆိုပါတာဝန်ရှိသူက “ရှိစဉ် ရှင်စဉ်ကလည်း တတွဲတွဲ ကွယ်လွန်တော့လဲ မခွဲဘဲ အတူသွားကြတဲ့ တမလွန်ခရီး အတွက် ကျန်ရစ်သူ သားသမီးကိုယ်စားတော့ ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့ရဲ့ အတိတ်ကံ အကြောင်းတရား ဆုများတောင်းခဲ့ကြလေသလားပေါ့” လို့ ​ဒီကနေ့မှာ သင်္ဂြိုဟ်ပြီးစီးခဲ့တဲ့ ဇနီးမောင်နှံရဲ့ အသုဘရှုလိုက်ပါပို့ဆောင်ရာမှာ မျက်မြင်အခြေအနေကို ပြောပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *