October 18, 2024

၁၉. ၁. ၂၀၂၄
Translated by Htwe Ko Tun

ရုရှားက တိုက်ခိုက်လာနိုင်မှုကို တုံ့ပြန်ရန် နေတိုးစစ်စာချုပ်အုပ်စုဝင်နိုင်ငံများမှ အင်အား ၉၀,၀၀၀ ခန့်ပါဝင်မည့် ဒေသဆိုင်ရာ စစ်ရေးစီမံချက်များအကောင်အထည် ဖော်မှုကို အစမ်းလေ့ကျင့်သည့် စစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း နေတိုးအကြီးအကဲ ဗိုလ်ချုပ်ကြီး ခရစ်ကာဗိုလီက ဘရပ်ဆဲလ်မြို့တွင် ဇန်နဝါရီ ၁၈ ရက်က ပြောခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှုက စစ်အေးကာလပြီးဆုံးသည်မှစ၍ နေတိုးအုပ်စု၏ အကြီးမားဆုံးသော စစ်ရေးလေ့ကျင့်မှုလည်းဖြစ်လာမည်ဖြစ်သည်။ နေတိုးစစ်အုပ်စု၏ ပထမဆုံး ကာကွယ်ရေးစီမံချက်များလည်းဖြစ်သော ဒေသဆိုင်ရာ စစ်ရေးစီမံချက်များမှာ ရုရှားနိုင်ငံက တိုက်ခိုက်လာခဲ့သည်ရှိသော် မည်သို့တုံ့ပြန်မည်ကို အသေးစိတ်ရေးဆွဲထားခြင်းလည်းဖြစ်သည်။

နေတိုးက ၎င်း၏ကြေညာချက်တွင်မူ ရုရှား၏တိုက်ခိုက်မှုကို တုံ့ပြန်ရန်လေ့ကျင့်ခြင်းဟု အမည်တပ် ဖော်ပြထားခြင်းမရှိပေ။ သို့သော် နေတိုးစစ်စာချုပ်တွင် ရုရှားနိုင်ငံကို နေတိုးအဖွဲ့ဝင်နိုင်ငံများအား ခြိမ်းခြောက်နေသည့်အသိသာဆုံးသော နိုင်ငံအဖြစ် ဖော်ညွှန်းထားသည်။

စစ်ရေးလေ့ကျင့်မှုတွင် ဖျက်သင်္ဘောများမှသည် လေယာဉ်တင်သင်္ဘောများအထိ စစ်ရေယာဉ် အစီး ၅၀ ကျော်၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်နှင့် မောင်းသူမဲ့လေယာဉ် အစီး ၈၀ ကျော်၊ တင့်ကား ၁၃၃ စီး၊ အမြန်တိုက်ခိုက်ရေးယာဉ် ၅၃၃ စီးအပါအဝင် မြေပြင်တိုက်ခိုက်ရေးယာဉ် အနည်းဆုံး ၁,၁၀၀ ခန့်ပါဝင် မည်ဟုလည်းသိရသည်။

Steadfast Defender 24 ဟုအမည်ပေးထားသော နေတိုးစစ်အုပ်စု၏ စစ်ရေးလေ့ကျင့်မှုကို ဇန်နဝါရီ နောက်ဆုံးပတ်တွင် စတင်သွားမည်ဖြစ်ပြီး မေလကုန်ပိုင်းအထိကျင်းပသွားမည်ဟုလည်း သိရသည်။ ၎င်းကို ဂျာမနီ၊ ပိုလန်နှင့် အခြားဘောလ်တစ်ဒေသသုံးနိုင်ငံတို့တွင် ကျင်းပသွားမည်ဟုလည်း ဆိုသည်။

Ref-Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *