၁၉. ၁. ၂၀၂၄
Written by Thettant
မန္တလေးမှာ ကားစင်းလုံးအငှားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူကို ကားငှားရမ်းသူတွေက သတ်ဖြတ်ပြီး ရုပ်အလောင်းကို မြောင်းထဲစွန့်ပစ်ကာ ကားလုယက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က မနေ့က ဇန်နဝါရီ ၁၈ ရက် နေ့လယ် ၁ နာရီခန့်မှာ ကားစင်းလုံးငှားဝန်ဆောင်မှုပေးတဲ့ ကိုဆန်းမျိုးမြင့်ဆိုသူအမျိုးသားဟာ မန္တလေးကနေ ၇ မိုင်ကမ်းခြေကို ကားအငှားရလို့ လိုက်သွားပြီး ပြန်မလာတာကြောင့် မိသားစုက လိုက်ရှာချိန်မှာ အုန်းချောတိုးရ်ဂိတ် CCTV မှတ်တမ်းအရ ကိုဆန်းမျိုးမြင့်ဟာ နေ့လယ် ၁ နာရီဝန်းကျင်မှာ ကိုယ်တိုင်မောင်းနှင်ဖြတ်သန်းသွားတာမြင်ရပြီး ညနေ ၅ နာရီဝန်းကျင် ကားပြန်မောင်းလာချိန်မှာတော့ မောင်းနှင်တဲ့သူက တခြားသူတွေ ဖြစ်သွားပြီး ကိုဆန်းမျိုးမြင့်ပြန်ပါမလာတော့တာကြောင့် မိသားစုက တာဝန်ရှိသူတွေထံ တိုင်ကြားအကူအညီတောင်းခံပြီး လိုက်လံရှာဖွေရှာမှာ ကိုဆန်းမျိုးမြင့်ရုပ်အလောင်းကို ဒီနေ့မှာ ၁၇ မိုင်က မြောင်းထဲမှာ ပြန်လည် တွေ့ရှိရတာလို့ သိရပါတယ်။
“ဒီနေ့လယ်ပိုင်းမှာ ကိုဆန်းမျိုးမြင့်အလောင်း ရေမြောင်းထဲကပြန်တွေ့တယ်ဆိုတာ မှန်ပါတယ်။ သူ့အကောင့်ကလည်း Active ဖြစ်နေတာဆိုတော့ လုယက်သူတွေက လူလည်းသတ်၊ ဖုန်းတွေ၊ ငွေတွေပါ အကုန်ယူသွားတာဖြစ်မယ်။ တရားခံကတော့ ၄ ဦးလို့ယူဆရပြီး အခုထိတော့ မမိသေးပါဘူး” လို့ ကိုဆန်းမျိုးမြင့်ရဲ့ မိတ်ဆွေတစ်ဦးက ကနဦးသိရတာ ပြောပါတယ်။
လက်ရှိမှာတော့ ကိုဆန်းမျိုးမြင့်အလောင်းပြန်ရှာတွေ့ပေမဲ့ သူ့ရဲ့ ဆူဇူကီးအာတီဂါ 9P/4526 ယာဥ်ကတော့ ပျောက်ရှနေဆဲဖြစ်သလို တရားခံတွေကလည်း လွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။