October 18, 2024

၁၉. ၁. ၂၀၂၄
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်မှာ ဒီတစ်ပတ်အတွင်း ဓားခုတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူသေဆုံးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ ဒေသခံပရဟိတအသင်းဖြစ်တဲ့ မိုးစေတနာ ပရဟိတအသင်းက ဒီနေ့ ဇန်နဝါရီ ၁၉ ရက်မှာ MT News ကို ပြောပါတယ်။

ဖြစ်စဥ်တွေက ဇန်နဝါရီ ၁၆ ရက်မှာတစ်မှုနဲ့ မနေ့က ဇန်နဝါရီ ၁၈ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့ပြီး ရန်ကင်းမြို့နယ် ၅ ရပ်ကွက် ရန်အေးလမ်းနဲ့ ရန်ရှင်းလမ်းထောင့်မှာ ဓားခုတ်မှု ဖြစ်ပွားကာ လူနှစ်ဦးဒဏ်ရာရထားကြောင်း မိုးစေတနာ ပရဟိတအသင်း (ရန်ကုန်) ကို ဖုန်းဆက်အကြောင်းကြားတာကြောင့် လူနာတင်ယာဥ်နဲ့ သွားရောက်ခေါ်ဆောင်ကာ ရဲဆေးစာနဲ့ မြောက်ဥက္ကလာဆေးရုံကို တင်ပို့ပေးခဲ့ရသလို ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးဟာ အသက် ၃၀ ကျော် အရွယ်တွေဖြစ်ကြပြီး တစ်ဦးက နားထင်ပြတ်ရှ ဒဏ်ရာရရှိထားကာ နောက်တစ်ဦးက ဘယ်လက် ဓားခုတ်ဒဏ်ရာနဲ့ သွေးထွက်များနေတယ်လို့ အဆိုပါအသင်းကနေ သိရပါတယ်။

မြေပြင်အကူအညီသွားရောက်ခဲ့သူ မိုးစေတနာ ပရဟိတ အသင်း တာဝန်ရှိသူက ‘’ ဖြစ်စဉ် ၂ ခုက ၃ ရက်တောင်မခြားဘူး။ ဇန်နဝါရီ ၁၆ ရက်နေ့ ညဘက်က ၄ ရပ်ကွက်မှာတစ်ခုဖြစ်တယ်။ အသက် ၃၀ ဝန်းကျင်လူငယ် လည်ပင်း၊ ပါးစောင်း၊ ပေါင် ပြတ်ရှ ထိုးသွင်း ဒဏ်ရာနဲ့​သေဆုံးနေတယ်။ မနေ့က ၁၈ ရက်နေ့ ညပိုင်းဖြစ်တဲ့ ဖြစ်စဉ်မှာတော့ လူမသေပေမယ့် တစ်ဦးက နားထင်ကနေ လည်ပင်းအထိ ခုတ်ရာက ၆ လက်မလောက်ရှည်တယ်။ နောက်တစ်ဦး လက်ကို ခုတ်မိတာ အတော်များတယ်။ ဘာကြောင့်ဖြစ်ပွားရတာ ဆိုတာကိုတော့ ရဲလုပ်ငန်းစဉ်ပိုင်းမို့ မသိပေမယ့် ရဲက ဆေးစာထုတ်ပေးပြီး ဆေးရုံကို လူနာပို့ခိုင်းတာမို့ ကူညီဆောင်ရွက်ပေးခဲ့တာပါ “လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *