October 18, 2024

၁၉. ၁. ၂၀၂၄
Written by Pan Ei

မြောက်ကိုရီးယားမှာ တောင်ကိုရီးယား ဒရမ်မာ ကြည့်ရှုမှုနဲ့ ပတ်သက်ပြီး ဆက်ကျော်သက်တွေကို လူသိရှင်ကြားထောင်ဒဏ်ချမှတ်တာတွေပါတဲ့ ရှားရှားပါးပါး ဗီဒီယိုတစ်ခု ထွက်ပေါ်လာပြီး အဲ့ဒီဗီဒီယိုဟာ ၂၀၂၂ ခုနှစ်က ရိုက်ကူးထားတာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အဆိုပါ ရှားပါးဗီဒီယိုဖိုင်ထဲမှာ ယူနီဖောင်းဝတ်အရာရှိနှစ်ဦးက ပြင်ပအားကစားကွင်းတစ်ခုမှာ ကျောင်းသားရာပေါင်းများစွာရှေ့ လက်ထိပ်ခတ်ထားတဲ့ အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးနှစ်ဦးကို တောင်ကိုရီးယားဒရမ်မာ ကြည့်ရှုမှုအတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်နေတာကိုတွေ့ရသလို ယူနီဖောင်းဝတ်အရာရှိတွေက ယောက်ျားလေးတွေကို သူတို့အမှားတွေအတွက် လေးလေးနက်နက်တွေးတောခြင်း မရှိတာအတွက်လည်း ပြစ်တင်ရှုတ်ချနေတာတွေ ပါဝင်ပါတယ်။

တောင်ကိုရီးယားတီဗီလိုင်းတွေအပါအဝင် ဖျော်ဖြေရေးအစီအစဉ်တွေကို မြောက်ကိုရီးယားမှာ ပိတ်ပင်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ တချို့သောသူတွေက ကမ္ဘာလုံးဆိုင်ရာ ပရိသတ်အများအပြားရှိတဲ့ ကေဒရမ်မာတွေကို ဝင်ရောက်ကြည့်ရှုဖို့ရာ ပြင်းထန်တဲ့ပြစ်ဒဏ်တွေရှိတဲ့ကြားက စွန့်စားဖို့ ပြင်ဆင်နေကြတာဖြစ်ပြီး မြောက်ကိုရီးယားဟာ နိုင်ငံတွင်းက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ တခြားသော အထောက်အထားတွေကို ပြင်ပကမ္ဘာကို မပေါက်ကြားစေဖို့ တားမြစ်ထားတာကြောင့် ခုလိုဗီဒီယိုဖိုင်က ရှားပါးလှပါတယ်။

ဒါပေမဲ့ ခုလို ရှားပါးဗီဒီယိုဖိုင်ဟာ မြောက်ကိုရီးယားဘက်က ထွက်ပြေးလာသူတွေနဲ့ လက်တွဲလုပ်ဆောင်တဲ့ South and North Development အင်စတီကျု့က ဘီဘီစီ သတင်းဌာနကို ပေးအပ်ခဲ့တာဖြစ်ပြီး အဲ့ဒီဗီဒီယိုဖိုင်ကို ‘သရုပ်ပျက်မှတ်တမ်းတွေ ကြည့်ရှုပါက ဘာဖြစ်မယ်ဆိုတာကို မြောက်ကိုရီးယားပြည်သူတွေကို သတိပေးချက်’ အဖြစ် ပြသခဲ့တဲ့ ဗီဒီယိုဖြစ်တယ်လို့ သိရပါတယ်။

ဗီဒီယိုထဲမှာ ​”ပုပ်ပွနေတဲ့ ရုပ်သေးအစိုးရရဲ့ ယဉ်ကျေးမှုက ဆယ်ကျော်သက်တွေအထိ ပျံ့နှံ့သွားပါပြီ” လို့ တောင်ကိုရီးယားကို ရည်ညွှန်းပြီး ထင်ရှားတဲ့ အသံတစ်ခုက ဆိုထားတာတွေပါပြီး “သူတို့က ၁၆ နှစ်ပဲရှိသေးပေမဲ့ သူတို့ရဲ့အနာဂတ်ကို ဖျက်စီးပစ်လိုက်တယ်” ဆိုတဲ့ ပြောစကားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မြောက်ကိုရီယားလူငယ်တွေဟာ နိုင်ငံခြားရုပ်ရှင်တွေကြည့်မိပါက စည်းကမ်းထိန်းသိမ်းရေးအလုပ်သမားစင်တာကို ပို့ခံရတာနဲ့ ရင်ဆိုင်နေရတယ်လို့ Hyesan ရဲ့ သတင်းရင်းမြစ်တစ်ခုက ပြောခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ သားသမီးတွေကို ဆုံးမပဲ့ပြင်မှု ပျက်ကွက်ခြင်းအတွက် ပြစ်ဒဏ်အဖြစ် မိဘတွေလည်း ငါးနှစ်ကြာ တည့်မတ်ရေးစခန်းကို ပို့ဆောင်ခံရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားရုပ်ရှင်တွေ ဖြန့်ဝေခြင်း ဒါမှမဟုတ် ရောင်းချခြင်းကို ဖမ်းမိပါက အရွယ်မရောက်သေးသူတွေတောင် သေဒဏ်ကျခံရနိုင်လို့ သတင်းရင်းမြစ်တစ်ခုကဆိုပါတယ်။ South and North Development ရဲ့ စီအီးအို Choi Kyong-hui က ပြုံးယမ်းဟာ ကေဒရမ်မာတွေနဲ့ ကေပေါ့ပ် ပျံ့နှံ့မှုကို သူတို့ရဲ့အတွေးအခေါ်အတွက် အန္တရာယ်တစ်ခုအဖြစ် မြင်နေကြတာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Ref; Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *