October 19, 2024

MT News

၁၇. ၁. ၂၀၂၄

◾နေအိမ်တွင်ရှိနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF လေးဦးက ပစ်ခတ်သတ်ဖြတ်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆောင် (၆၆)နှစ်သည် ဇန်နဝါရီ ၁၄ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ၎င်း၏နေအိမ်၌ရှိနေစဉ် PDF လေးဦး (စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးကျော်ဆောင်အား ဦးခေါင်းကျည်ထိမှန်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် သေဆုံးသူအား စဉ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

◾ သထုံတွင် တပ်မတော်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ဒေသခံ ၄၀၀ နီးပါး တိမ်းရှောင်နေရဟု သတင်းမှားဖြန့်

မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲတွင် တိုက်ပွဲမရှိဘဲ တပ်မတော်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မမှန်သတင်းများ ဖြန့်ဝေနေမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဒေသတွင် နယ်မြေလုံခြုံရေးတာဝန်ထမ်း ဆောင်နေသော တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်နှင့် အခြားသတင်းများအရ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုမရှိကြောင်း၊ တပ်မတော်စစ်ကြောင်းများမှ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်မှုကို အကြမ်းဖက် သောင်းကျန်းသူများက အဝေးမှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone များဖြင့် Drop Bomb ချ တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ရာ ၎င်းလက်နက်ကြီး ကျည်အချို့သည် ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်း ကျရောက် ပေါက်ကွဲခြင်းများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိကြောင်း သိရှိရသည်။

◾ ညောင်ပင်ကွင်း(အရှေ့ကမ်း)ရွာကို တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်းအဘွားတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရဟု သတင်းမှားဖြန့်

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း(အရှေ့ကမ်း)ရွာအနီးတွင် ဇန်နဝါရီ ၁၅ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးများသည် အဆိုပါ ကျေးရွာခြံများအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် သက်ကြီးပိုင်းအဘွားတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအမှားများကို ဖြန့်ဝေနေမှုအပေါ် သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ၎င်းရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ သောင်းကျန်းသူများက လက် လုပ် စိန်ပြောင်းများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။

◾ နွားထိုးကြီးမြို့ရှိ ရဲစခန်း၊ ဆောက်လုပ်ရေးရုံး တိုက်ခိုက် ခံရချိန် ပြန်လည်ပစ်ခတ်မှု၍ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ ဦး ဒဏ်ရာ ရရှိသတင်း မှားယွင်း

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့တွင် ဇန်နဝါရီ ၁၆ ရက်နေ့က နွားထိုးကြီးရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးကို PDF များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ပစ်ခတ်မှုကြောင့် ဒရုန်း ၂ စီး ပျက်စီးဆုံးရှုံးခဲ့ရကြောင်းနှင့် နွားထိုးကြီးမြို့နယ်၊ ရွာကြီးရွာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ ၂ ဦးကို ပစ်သတ်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် နွားထိုးကြီးမြို့၏ အရှေ့တောင်ဘက် မီတာ(၅၀၀)ခန့်အကွာမှ PDF များက လက်နက်ကြီးဖြင့် နွားထိုးကြီးမြို့အတွင်းသို့ ပစ်ခတ်ခဲ့ရာ နွားထိုးကြီးမြို့ဆောက်လုပ်ရေးဝန်းနှင့် အထက(မြို့မ) စာသင်ကျောင်းကြားသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းလာကြိုသည့် မိဘတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပြီး PDF များက ၎င်းတို့၏ လုပ်ရပ်များကို ဖုံးကွယ်ရန် လူမှုကွန်ရက်များတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

◾မြောက်ဦး၊ ဘူးသီးတောင်နှင့် ပေါက်တောမြို့နယ်ရှိ ကျေးရွာများကို တပ်က ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရဟု မမှန်သတင်း ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ပေါက်တောမြို့နယ်ရှိ ကျေးရွာများကို ဇန်နဝါရီ ၁၅ ရက်တွင် တပ်မတော်မှလေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖြန့်ဝေနေမှုနှင့် ပတ်သက်၍ ဖြစ်စဥ်အမှန်မှာ အဆိုပါမြို့၊ ရွာများအနီး လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များကို AA သောင်းကျန်း သူများက လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ၊ Drop Bomb များသည် ဒေသခံပြည်သူများနေထိုင်ရာ မြို့၊ ရွာများအတွင်းသို့ ကျရောက် ပေါက်ကွဲမှုများရှိခဲ့ကြောင်းနှငိ့ ထိုဖြစ်စဥ်များ ဖုံးကွယ်၍ တပ်မတော် အပေါ် အထင် အမြင်လွဲမှားစေရန် သတင်းမှားဖြန့်ခြင်းသာဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *