October 19, 2024

MT News

၁၈. ၁. ၂၀၂၄

◾မြင်းတဲကြီးရွာအုပ်ချုပ်ရေးမှူးကို PDF ၁၅ ဦးက လည်ပင်း-ဖြ-တ် သ-တ်-ဖြ-တ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးခင်မောင်ဝင်း(၆၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ၁၅ ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးခင်မောင်ဝင်းမှာ လည်ပင်း-ပြ-တ်၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

◾ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးကျေးရွာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ဟု သတင်းမှားဖြန့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်တွင် နယ် မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF များက တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးခဲ့ကြောင်းနှင့် ဆားထုံးကျေးရွာက နေအိမ် ၈ လုံးနှင့် တဲ ၁ လုံးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို ဖြန့်ဝေရေးသားနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ဇန်နဝါရီ ၁၇ ရက်နေ့က ဆားလင်းကြီးမြို့နယ်၊ ဆားထုံးကျေးရွာအနီးတွင် PDF များ ခိုအောင်းနေကြောင်း တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ပြည်သူများ၏ သတင်းပေးမှုအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ လက်လုပ်သေနတ် ၁၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်ဗုံးသီး ၅ လုံး၊ လက်လုပ်မိုင်း ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထို့နောက် အဆိုပါကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ PDF များက ဆားထုံးကျေးရွာရှိ နေအိမ်များကို မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

◾ ဘီးလင်းနှင့် သိမ်ဇရပ်တွင် တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများ ဒဏ်ရာရရှိမှုရှိခဲ့ကြောင်းနှင့် ဘာသာရေးအဆောက်အဦ၊ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ဟု ကောလာဟလဖြန့်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအနီးသို့ ဇန်နဝါရီ ၁၅ ရက် ည ၈ နာရီအချိန်ခန့်က တပ်မတော်မှ လက်နက်ကြီးပစ်ခတ်ခဲ့သည့်အတွက် ဘုန်းကြီး ကျောင်းနှင့် စေတီတစ်ဆူ လက်နက်ကြီးစထိမှန်ခဲ့ကြောင်း ကောလာဟလ သတင်းတု၊ သတင်းမှားများကို ဖြန့်ဝေနေ၍ ဝင်းတာပန်ကျေးရွာအနီးရှိ လုံခြုံရေးစခန်းတစ်ခုအား လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF ပူးပေါင်းအဖွဲ့မှ အဝေးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံ ပြည်သူများနေထိုင်ရာ ကျေးရွာအတွင်း ထိမှန်ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး အဆောက်အဦအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အလားတူ မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ်၊ သုံးခွကျေးရွာအတွင်း ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၆ နာရီခွဲ အချိန်ခန့်က တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို Exile မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရပြီး သက်ဆိုင်ရာ နယ်မြေ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၁၆ ရက်နေ့တွင် သိမ်ဇရပ် မြို့နယ်အတွင်း ပစ်ခတ်မှု၊ တိုက်ပွဲဖြစ်ပွားမှုများ မရှိခဲ့ကြောင်း သိရှိရသည်။

◾ ကျောက်တော်၊ စစ်တွေတို့တွင် တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ဝ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရဟု မမှန်သတင်းဖြန့်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် စစ်တွေမြို့နယ်တို့တွင် ဇန်နဝါရီ ၁၇ ရက်နေ့၌ တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ကောလာဟလ သတင်းများဖြန့်ဝေနေမှုအပေါ် မြေပြင်စုံစမ်းသိရှိရသောသတင်းများနှင့် ဒေသခံပြည်သူများထံမှ သိရှိရသောသတင်းများအရ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကျောက်တော်မြို့နယ် လင့်ဇင်ရွာသစ် ကျေးရွာသို့ တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမရှိကြောင်း၊ AA လက်နက်ကိုင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာတွင် AA လက်နက်ကိုင်အဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိမှုရှိခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *