October 19, 2024

◾ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို သံအမတ်ကြီးနှစ်ဦးစလုံးနှင့် သီးခြားစီ ဆွေးနွေး

၁၈. ၁. ၂၀၂၄

Written by Nyein Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးတို့က သံအမတ်ခန့်အပ်လွှာများကို ယနေ့တွင် လာရောက်ပေးအပ်ရာ နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E Mr. Gustavo Rocha de Menezes သည် သံအမတ်ခန့်အပ်လွှာအား ယနေ့ နံနက် ၁၀ နာရီတွင် SAC ဥက္ကဋ္ဌထံ ပေးအပ်ခဲ့ပြီး နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုကဏ္ဍမြှင့်တင်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ အားကစားမြှင့်တင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ စက်မှုနည်းပညာပူးပေါင်းဆာင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H. E. Mrs. Aya Saad Mohamed Abdelkarim သည် သံအမတ်ခန့်အပ်လွှာအား ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် SAC ဥက္ကဋ္ဌထံ ပေးအပ်ခဲ့ပြီး နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံ‌ရေး၊ ချစ်ကြည်ရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်နိုင်‌မည့်ကိစ္စရပ်များ၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများ၊ ကုန်ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့အပြင် SAC ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်နေမှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်၍ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှု၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးတို့နှင့် သီးခြားစီဆွေးနွေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *