၁၈. ၁. ၂၀၂၄
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ့်လင်းချောင်းတံတား (တာလေတံတား) မှာ ဇန်နဝါရီ ၁၈ရက် နံနက်ပိုင်းက ကျိုင်းတုံဘက်ခြမ်း၊ ကျောက်စီကုန်း ကမ်းကပ်ခုံအနီး အမှတ် ၁ အောက်ခြေတွင် အက်ကြောင်းရာ ဖြစ်ပေါ်ခဲ့သဖြင့် ကုန်တင်ယာဥ်များ ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားပြီး အိမ်စီးကား၊ဆိုင်ကယ်များနှင့် လူများကိုသာ ဖြတ်သန်းသွားလာခွင့် ပြုထားကြောင်း သိရသည်။
တံတား၏ ကြံ့ခိုင်မှုအရ ကျိုင်းတုံ – တာချီလိတ် – ပြည်ထောင်စုလမ်းမကြီး အဝင်အထွက်လမ်းကို ကုန်တင်ယာဉ်များဖြတ်သန်းခွင့် ခတ္တရပ်နားထားရခြင်းဖြစ်ပြီးအက်ကြောင်းဖြစ်ပေါ်သော တာလေတံတားနေရာတွင် သံဘောင်တံတားကို တာဝန်ရှိသူများက အမြန်ဆုံး တည် ဆောက်လျက်ရှိကြောင်းသိရသည်။
“ကုန်ပစ္စည်းပါတဲ့ ကုန်တင်ယာဥ်ကြီးတွေက တံတား ဆောက်လုပ်နေတဲ့အချိန်မှာ ဖြတ်သွားလို့ မရသေးဘူး။ကုန်ပစ္စည်းတွေကို ကားကြီးပေါ်ကနေ ကားလေးတွေနဲ့ လွှဲပြောင်း ပို့ဆောင်ရမှာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။
နမ့်လင်းချောင်းကျောက်စီတံတားမှာ ပေ ၃၀၀ ခန့် ရှိပြီး ၂၀၀၁ ခုနှစ်တွင် စတင်အသုံးပြုခဲ့ကာ ၂၀၁၁ ခုနှစ်တွင်မူ တာလေငလျင်ဒဏ်ကြောင့် တံတားတစ်ဖက်မှာ နိမ့်ဆင်းခဲ့သည်။