October 19, 2024

◾ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ မူဝါဒများကို အပြည့်အဝလိုက်နာနေဟု ဝန်ကြီး ပြော

၁၈. ၁. ၂၀၂၄

Written by Nyein Kyaw

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ယူဆောင်ရွက်သည့် ယူဂန်ဒါသမ္မတနိုင်ငံ သမ္မတ H. E. Mr Yoweri Kaguta Museveni ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်တို့တွင် ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်လျက်သည်။

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဇန်နဝါရီ ၁၇ ရက်တွင် မိန့်ခွန်းပြောကြားရာ၌ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ မူဝါဒများကို အပြည့်အဝလိုက်နာလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များသည် ဘက်မလိုက်လှုပ်ရှားမှု၏ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာနိုင်ငံ၏ State Minister for Foreign Affairs ဖြစ်သူ Mr. Soltan bin Saad Al-Muraikhi နှင့် ဇန်နဝါရီ ၁၇ ရက်တွင် သီးခြားတွေ့ဆုံခဲ့ပြီး နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်း‌ ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာ-ကာတာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့များအပေါ် ဆွေးနွေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *