၁၉. ၁. ၂၀၂၄
Written by KL
မွန်ပြည်နယ် မော်လမြိုင်မြို့ Ocean စင်တာတွင် ယာဥ်ပိုင်ရှင်မှ စျေးဝယ်နေစဥ် ယာဥ်မောင်းဖြစ်သူမှ ကားနှင့် ငွေကျပ်သိန်း ၄၀၊ ဖုန်း ၆ လုံးကို ယူဆောင်ထွက်ပြေးမှု ဇန်နဝါရီ ၁၈ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ထိုဖြစ်စဥ်တွင် ယာဥ်အပြင် ဖုန်းနှင့် ငွေသားများခိုးယူထွက်ပြေးသူမှာ ယာဥ်မောင်းအဖြစ်ခန့်ထားသူ အသက် ၃၃ နှစ်အရွယ် ဦးရဲလင်းအောင်ဆိုသူဖြစ်ပြီး အလုပ်ဝင်သည်မှာ ၇ ရက်ခန့်သာ ရှိသေးကြောင်းနှင့် ထို ယာဥ်မောင်းမှာ TOYOTA AVANZA အမျိုးအစား မော်တော်ယာဥ်နှင့် ကားအုံနာဘုတ်၊ စာရွက်စာတမ်းများကိုပါ ယူဆောင်သွားကြောင်း သိရသည်။
မော်တော်ယာဥ်သည် ဇန်နဝါရီ ၁၈ရက် မွန်းလွဲပိုင်းက သံလွင်တံတားကို ဖြတ်ကျော်၍ ပေါင်မြို့ဘက်သို့ မောင်းနှင်သွားကြောင်း CCTV မှတ်တမ်းများအရ သိရပြီး မော်တော်ယာဥ်နှင့် ယာဥ်မောင်းကို တွေ့ရှိပါက ဆက်သွယ်ပေးစေလိုပြီး ကျေးဇူးဆပ်မည်ဖြစ်ကြောင်း ယာဥ်ပိုင်ရှင်က အသိပေးထားသည်။
လက်ရှိတွင် ယာဥ်မောင်းယူဆောင်သွားသော မော်တော်ယာဥ်ကို ပေါင်မြို့ နတ်ကြီးချောင်း စာသင်ကျောင်းရှေ့တွင် ပြန်လည်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သွားရောက်ယူဆောင်ကာ ကူညီပေးနေကြောင်း သိရပြီး ယာဥ်မောင်းမှာမူ လက်ရှိအချိန်အထိ ဖမ်းဆီးရမိမှုမရှိသေးဘဲ ဆက်လက်ရှာဖွေနေသည်ဟု သိရသည်။
ပုံစာ။ ယာဥ်မောင်းယူဆောင်သွားသောယာဥ်နှင့် ယာဥ်မောင်းမြင်ကွင်း (ဓာတ်ပုံ – ဘိုဘိုဝင်း)