October 19, 2024

၁၉. ၁. ၂၀၂၄
Written by Hey Mar

ဆီကန်ကနေ ဆီလျှံပြီး ဖိတ်စင်ရာက မီးလောင်မှုဖြစ်ပွားပြီး ညဆိုင်းဆင်းရတဲ့ လူငယ်တစ်ဦး မီးလောင်သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဇန်နဝါရီ ၁၉ ရက် မနက် ၂ နာရီဝန်းကျင်က ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ်မှာဖြစ်ပွားခဲ့တယ်လို့ ဒေသခံပရဟိတ အသင်းထံကနေ သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မီးလောင်သေဆုံးရတဲ့ ဆိုင်ဝန်ထမ်းဟာ ဖုန်းသုံးတာကြောင့် မီးကူးစက်လောင်ကျွမ်းခံရတာလို့ လူမှုကွန်ရက်မှာ ထွက်ပေါ်နေပေမဲ့လည်း အမှန်တကယ်မှာတော့ ဆီလျှံကျတာကြောင့် ရေဆေးဖို့မော်တာဖွင့်ချိန်မှာ မီးပွင့်ပြီး ကူးစက်လောင်ကျွမ်းတာလို့လည်း ဖြစ်စဥ်ကိုသိရှိသူတစ်ဦးက ရှင်းပြပါတယ်။

ဖြစ်စဉ်အသေးစိတ်ဟာ အင်းတကော်မြို့ FARMER ဆီဆိုင်မှာဖြစ်ပွားခဲ့ပြီး ဆီလှောင်ကန်ထဲကဆီကို မနက်ရောင်းချမယ့် ကန်ဆီကို ဖြည့်ရာကနေ ဆီလျှံကျပြီး မီးထတောက်မှုဖြစ်ပွားပေမယ့် ကနဦးမှာ မီးသတ်ဆေးဗူးတွေနဲ့ဝန်ထမ်းတွေက ငြိမ်းသတ်နိုင်လိုက်တယ်လို့ သိရပါတယ်။ မီးငြိမ်းပြီးနောက်မှာ ဆီလှောင်ကန် ပူနေတဲ့အတွက် ရေဖျန်းဖို့ ဝန်ထမ်းတစ်ဦးက ရေတင်မော်တာစက်ဖွင့်ရာကနေ လျှပ်စစ်နဲ့ ဆီငွေ့ ရှော့ခ်ဖြစ်ပြီး လူကို မီးကူးစက်လောင်ကျွမ်းတာလို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ မေတ္တာ‌ရွှေစင် ပရဟိတအသင်းမှ တာဝန်ရှိသူထံက သိရပါတယ်။

အဆိုပါ ပရဟိတအသင်း တာဝန်ရှိသူက “ကျွန်တော်တို့ အသင်းနဲ့ ပဲခူးမြို့ မီးသတ်တပ်ဖွဲ့နဲ့ မီးလောင်မှုဖြစ်စဉ်နေရာကိုရောက်တော့ ဒေသခံ မြို့နယ်မီးသတ်တွေနဲ့ မီးက အတော်အတန်ထိန်းနိုင်နေပြီ။ DB လည်း အပြင်ထွက်နေပြီပေါ့။ ပထမ လောင်တုန်းက ဆိုင်လူအားနဲ့ပဲ ငြိမ်းလိုက်နိုင်တယ်။ အဲ့ဒါကို အခုသေဆုံးသွားတဲ့ လူငယ်က ရေဖျန်းဖို့ ရေစက်ကို သွားဖွင့်တာမှာ ဆီငွေ့တွေက အဲ့ဒီနားတွေထိ ပြန့်နေတော့ ရှော့ခ်ဖြစ်ပြီး သူ့ကိုမီးကူးတယ်။ သူလန့်ပြီးပြေးတဲ့ဘက်ကလည်း ဆီလျှံကျထားတဲ့ နေရာတွေပဲဖြစ်နေတာ့ သူ့ကိုမကယ်နိုင်ကြတော့ဘူး “ လို့ ဖြစ်စဉ်ကို ပြောပြပါတယ် ။

သေဆုံးသူက အင်းတကော်မြို့နယ် နေထိုင်သူ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် ကိုသန်းထွန်းအောင်လို့ သိရပြီး ကိုသန်းထွန်းအောင်ရဲ့ ရုပ်အလောင်းကို ပဲခူးပြည်သူ့ဆေးရုံကြီးကို မေတ္တာရွှေစင် ပရဟိတအသင်းယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ကာ မိသားစုကိုလည်း ဆက်သွယ်ချိတ်ဆက်ပြီး ရုပ်အလောင်းနေအိမ်ပြန်ပို့ရာမှာလည်း ဆက်လက်ကူညီသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ – မေတ္တာ‌ရွှေစင် ပရဟိတအသင်း

Leave a Reply

Your email address will not be published. Required fields are marked *