
၁၉. ၁. ၂၀၂၄
Written by Ye Kyaw
နှစ်သစ်ကူးသင်္ကြန်ရုံးပိတ်ရက် ရက်ရှည်ဖြစ်သည့်အတွက် ဥရောပခရီးစဉ်များနှင့် နှစ်နိုင်ငံ ပူးတွဲသွားရသည့် ခရီးစဉ်များကို သွားရောက်ရန် ပြည်တွင်းခရီးသွားများ ယခုကတည်းက ကြိုတင်စီစဉ်မှု များပြားနေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“ခရီးသွားကုမ္ပဏီတွေ တော်တော်များများက ရက်ရှည်ခရီးစဉ်တွေကို သင်္ကြန်ရက်တွေမှာ ပိတ်ထားတော့ အဝေးသွားတဲ့ ခရီးစဉ်တွေကို စီစဉ်နေကြတာများတယ်။ ဥပမာ ဥရောပလိုမျိုး ခရီးစဉ်မျိုးတွေပေါ့။ အဲဒီလိုမျိုး ခရီးစဉ်တွေဆိုတော့ အဲဒီပေါ်မှာ နှစ်နိုင်ငံပေါင်းသွားတဲ့ဟာမျိုးလည်း စီစဉ်နေကြတာရှိပါတယ်။ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နှစ်နိုင်ငံပေါင်းပြီးသွားတဲ့ ခရီးစဉ်မျိုးတွေ၊ စင်ကာပူ၊ မလေးရှား သွားတဲ့ခရီးစဉ်တွေ များတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က MT News သို့ ပြောသည်။

လက်ရှိတွင် ရာသီဥတုအအေးဒဏ်ကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဗုဒ္ဓဂါယာသို့ သွားရောက်မှု လျော့ကျခဲ့သော်လည်း ယခုဇန်နဝါရီကုန်ပိုင်းနှင့် ဖေဖော်ဝါရီလများတွင် သွားရောက်ရန် စီစဉ်မှုများပြားနေပြီး အဆိုပါကာလအတွက် တချို့လေကြောင်းလိုင်းများတွင် လက်မှတ်မရရှိတော့သည့်အထိအောင် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“ဗုဒ္ဓဂါယာက ပြီးခဲ့တဲ့ ဒီဇင်ဘာထဲမှာတော့ နည်းနည်းရာသီဥတုအေးလို့လေ။ သွားတာလေး နည်းနည်းလျော့သွားပေမဲ့ အခုဇန်နဝါရီလထဲမှာ ပြန်ပြီးတော့ ပြန်များလာပြီး အခုဇန်နဝါရီလကုန်နဲ့ ဖေဖော်ဝါရီလထဲမှာဆို သွားတဲ့သူပိုများလာပါတယ်။ ရှေ့လထဲမှာဆို ဖေဖော်ဝါရီလထဲမှာ တချို့လေကြောင်းလိုင်းက ထိုင်ခုံတွေ မရတော့ဘူး။ မရတော့တဲ့အထိအောင် ဖြစ်သွားတယ်။ များတယ်လို့ ပြောလို့ရတယ်” ဟု ဦးနောင်းနောင်းဟန်က ပြောကြားသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ခရီးသွားဦးရေသည် တစ်လလျှင် ၃၀,၀၀၀ မှ ၄၀,၀၀၀ ကြားရှိပြီး တစ်နှစ်လျှင် ပြည်ပသို့ ခရီးသွားဦးရေ ၄၀၀,၀၀၀ ဝန်းကျင်အထိရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
(Photo- Star Zone Travels)


