October 19, 2024

၁၉. ၁. ၂၀၂၄
Written by Pan Ei

မနေ့ (ဇန်နဝါရီ ၁၈ ရက်) က အိန္ဒိယနိုင်ငံမှာ ကျောင်းအစီအစဉ်နဲ့ ပျော်ပွဲစားထွက်လာကြတဲ့ ဆရာမတွေနဲ့ ကလေးငယ်တွေ စီးနင်းလာတဲ့ လှေတစ်စင်း နစ်မြုပ်ခဲ့တာကြောင့် ဆရာမ ၂ ဦးနဲ့ ကလေး ၁၂ ဦးထက်မနည်း ရေနစ်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေက ကလေးငယ် အယောက် ၂၀ ကို ဂူဂျာရတ်ပြည်နယ်၊ ဗာဒိုဒါရာမြို့က Harni ရေကန်ကနေ ဘေးလွတ်ရာကို ကယ်တင်ပြီး ပျောက်ဆုံးနေသူ နှစ်ဦးကို ထပ်မံရှာဖွေနေကြောင်း ရဲတပ်ဖွဲ့နှင့် ခရိုင်တာဝန်ရှိသူများက ပြောကြားခဲ့သလို တချို့ကလေးတွေက အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။

မနစ်မြုပ်ခင် လှေပေါ်မှာ လူဘယ်လောက်ပါလာတယ်ဆိုတာကို မသိရသေးဘဲ တင်ဆောင်ရမယ့် လူပမာဏထက် လူများစွာပိုပါနေတာကြောင့် နစ်မြုပ်တာဖြစ်နိုင်တယ်လို့လည်း ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပေမဲ့ ရဲတပ်ဖွဲ့ကတော့ အတည်မပြုနိုင်သေးပါဘူး။

သေဆုံးခဲ့တဲ့ ကလေးငယ်တွေဟာ အသက် ၇ နှစ်ကနေ ၁၃ နှစ်ကြားရှိပြီး ဂူဂျာရတ်ပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ Ahmedabad ကနေ ကီလိုမီတာ ၁၂၀ ခန့်အကွာ ဗာဒိုဒါရာမြို့ရှိ ကျောင်းက ပညာသင်ကြားနေကြတဲ့ ကျောင်းသားကျောင်းသူတွေဖြစ်တယ်လို့ သိရကာ လှေစီးနေစဉ်အတွင်း သေဆုံးသူတွေကို အသက်ကယ်အင်္ကျီတွေ မပေးအပ်ခဲ့ကြောင်း မြို့တော်ရဲအရာရှိ Anupam Singh Gahlaut က ပြောကြားခဲ့ပါတယ်။

“အသက်တွေ ဆုံးရှုံးရလို့ စိတ်မကောင်းဖြစ်ရပါတယ်… ။ ဒီဝမ်းနည်းပူဆွေးနေတဲ့အချိန်အတွင်းမှာ ကျန်ရစ်သူမိသားစုတွေနဲ့အတူ ကျွန်တော်လည်း ဝမ်းနည်းပူဆွေးရပါတယ်” လို့ ဝန်ကြီးချုပ် မိုဒီက ရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ကာ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် နစ်နာ​ကြေးတွေ ပေးသွားမယ်လို့လည်း သိရပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *