၁၈. ၁. ၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာသည့်အထောက်အပံ့ပစ္စည်းများပေးပို့သွားရန်နှင့် အိမ်နီးချင်းမြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးအဆင့်မြှင့်တင်ရန်တို့အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် အတူဆောင်ရွက်သွားမည်ဟု ထိုင်းအစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟစ်ဒါ နျူကူရာက ဇန်နဝါရီ ၁၆ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့၌ ပြောကြားခဲ့သည်။
ဒါဗို့စ်မြို့တွင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် ၅၄ ကြိမ်မြောက် နှစ်ပတ်လည်ဖိုရမ်တွင် မစ္စတာ ပန်ပရီက ဒုတိယဝန်ကြီး ဆီဟာဆက်နှင့်အတူ တက်ရောက်ခဲ့ရာတွင် နိုင်ငံတကာအဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့်မြန်မာနိုင်ငံအရေးဆွေးနွေးကြရာ၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဟုလည်း သိရသည်။
မစ္စတာ ပန်ပရီက ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း အာဆီယံနိုင်ငံများနှင့်အတူ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရှိရေး၊ ညီညွတ်မှုရှိရေးတို့အတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြောင်းပြောခဲ့သည်။ ထို့ပြင် ၎င်းက ညီညွတ်သဟဇာတ ဖြစ်၍ ငြိမ်းချမ်းသောနိုင်ငံရေးဆုံးဖြတ်ချက်တစ်ရပ်သို့ ဦးတည်သော ညှိနှိုင်းဆွေးနွေးပွဲများတွင် ပူးပေါင်းပါဝင်ရန် မြန်မာနိုင်ငံအတွင်းမှ အဖွဲ့အစည်းများအားလုံး ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း အထူးအလေးထားပြောခဲ့သည်။
မစ္စတာ ပန်ပရီ ၏ပြောကြားချက်အရ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၌လိုအပ်နေသော လူသားချင်းစာနာမှုအထောက်အပံ့များကို မြန်မာနိုင်ငံအတွင်းမတည်ငြိမ်မှုကြောင့် ထိုင်းနိုင်ငံနှင့်နယ်စပ်သို့ ထွက်ပြေးလာကြသော မြန်မာနိုင်ငံသားများသို့ ပေးပို့ခဲ့ကြောင်းလည်း သိရသည်။ ၎င်းက မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအထောက်အပံ့လိုအပ်သူများအတွက်လည်း ပေးပို့သွားနိုင်ရန် မြန်မာအစိုးရနှင့်ဆွေးနွေးနေကြောင်းလည်း ပြောခဲ့သည်။
၎င်းက အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ မာဂျာနာစပိုလ်ဂျာရစ် အက်ဂါ နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ဖူးသေးကြောင်း သိရသည်။ ထိုသို့တွေ့ဆုံရာ၌လည်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့၏ ဒေသဆိုင်ရာရုံးတစ်ခုကို ထိုင်းနိုင်ငံတွင် ဖွင့်လှစ်သွားရန် လိုလားပါကြောင်းနှင့် ထိုရုံးက ဒေသအတွင်း လူသားချင်းစာနာသောအထောက်အပံ့များ ပံ့ပိုးသွားရန်ဖြစ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံသို့ အထောက်အပံ့များပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံနှင့်ဒေသအတွင်း ညှိနှိုင်းဆွေးနွေးမှုများနှင့် သွေးစည်းညီညွတ်မှုတို့ကို အဆင့်မြှင့်တင်ရေးအတွက် ခေါင်းဆောင်တစ်ဦးအနေဖြင့် လာအိုနိုင်ငံအား ၂၀၂၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ရာတွင် ထိုင်းအစိုးရက ထောက်ခံသွားမည်ဟုလည်း ပန်ပရီက ပြောခဲ့သည်။
Ref- Bangkok Post