October 19, 2024

၁၈.၁.၂၀၂၄
Written by Hey Mar

ကျောင်းတွင်းပညာရေးစုံညီပွဲတော်ကျင်းပနေချိန် ကျောင်းပြင်ပမှာ ခိုက်ရန်ဖြစ်ပွားခဲ့ရာက ကျောင်းထွက်ထားတဲ့ ကျောင်းသားဟောင်းတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၊ ပြည်သာယာ (မြောက်)ရပ်ကွက်ရှိ အလယ်တန်းကျောင်း(ခွဲ)အနီးမှာ ဒီနေ့ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဉ်က ပညာရေးစုံညီပွဲတော်ကျင်းပပြုလုပ်နေချိန် အဲဒီကျောင်းက ကျောင်းသားအချို့နဲ့ ပြည်သာယာ (မြောက်)ရပ်ကွက်မှာ နေထိုင်သူ ကျောင်းသားဟောင်း ရာဇာထွန်း(၁၉)နှစ်တို့ ကျောင်းပြင်ပလမ်းမမှာ စကားများရန်ဖြစ်ကြရာက ရာဇာထွန်းကို တစ်ဖက်အဖွဲ့က ချွန်ထက်တဲ့အရာနဲ့ ထိုးခဲ့တာကြောင့် လည်ပင်းနဲ့ ဝမ်းဗိုက်တို့မှာ ထိုးသွင်းဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ကျောင်းသားဟောင်း ရာဇာထွန်းကို ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းယာဥ်နဲ့ ပြည်သူဆေးရုံကြီးအရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ပေမဲ့ ဆေးရုံအရောက်မှာ ရရှိတဲ့ ဒဏ်ရာနဲ့သေဆုံးခဲ့တာကြောင့် အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ပါဝင်သူ အလက(ခွဲ) ကျောင်းက Grade(8)နဲ့ Grade(9) ကျောင်းသား(၂)ဦးကိုလည်း ရဲစခန်းမှာ ခေါ်ယူစစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ပြည်သာယာလူငယ်လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *