October 19, 2024

MT News
၁၈. ၁. ၂၀၂၄

အထက်တန်းပြဆရာမတစ်ဦးအပါအဝင် ပြည်သူသုံးဦးကို PDF တွေက ဖမ်းဆီးသတ်ဖြတ်မှု တံတားဦးမြို့နယ်မှာ ဇန်နဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၁၂ နာရီ အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြိုနယ်၊ ထောက်ရစ်ကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူနှစ်ဦးဖြစ်တဲ့ ဦးစိုးမြင့်ထွန်း (၅၃)နှစ်နဲ့ မသက်နွယ်အောင်၊(၄၂)နှစ်တို့ကို PDF တွေက ဖမ်းဆီးသတ်ဖြတ်လိုက်တာပါ။

ဒါ့အပြင် ထောက်ရစ်ကျေးရွာအနီးက တပယ်ကျေးရွာ၊ ရွာလယ်လမ်းပေါ်မှာ တပယ်အထက်တန်းကျောင်းခွဲက အသက် ၄၁ နှစ်အရွယ် အထက်တန်းပြဆရာမ ဒေါ်မီမီထွန်းကိုလည်း PDF တွေက လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး လုံခြုံရေးတာဝန်ရှိသူတွေကို မေးမြန်းရာမှာတော့ “ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် တံတားဦးမြို့နယ်၊ ထောက်ရစ်ကျေးရွာသို့ အကြမ်းဖက်သမားများမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး အပြစ်မဲ့ပြည်သူနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်သွားကြောင်း၊ အလားတူ တံတားဦးမြို့နယ်၊ တပယ်ကျေးရွာနေထိုင်သူ ကျောင်းဆရာမတစ်ဦးအား နံနက် ၆ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သမားများမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်သွားခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေး လိုအပ်သောလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးအတွင်း လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်” လို့ ဖြေဆိုခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *