October 19, 2024

၁၈. ၁. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ ဆူဖန်ဘူရီပြည်နယ်အတွင်း၊ မောင်းခရိုင်ရှိ မီးရှုးမီးပန်းစက်ရုံတစ်ခုတွင် ဇန်နဝါရီ ၁၇ ရက်မွန်းလွဲ ၃ နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၂၂ ဦးသေဆုံးခဲ့ရပြီး ၁၀ ဦးခန့် ပျောက်ဆုံးလျက်ရှိနေကြောင်း သိရသည်။

မောင်းခရိုင်၊ ဆာလာခေါခရိုင်ခွဲအတွင်း ရွာအမှတ် ၃ ၌ ရှိသော အဆိုပါစက်ရုံအတွင်း လွန်ခဲ့သောတစ်နှစ်ခန့်ကလည်း အလားတူပေါက်ကွဲမှုတစ်ရပ်ဖြစ်ခဲ့သေးရာ လူတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သေးသည်။ ယခုပေါက်ကွဲမှုကြောင့် မီတာ ၁၀၀ ပတ်ပတ်လည်တွင် အပိုင်းအစများလွင့်စင်သွားခဲ့ကာ သေဆုံးနေသူများ၏ ရုပ်အလောင်း အပိုင်းအစများကိုလည်း နေရာတိုင်းတွင်လိုလိုတွေ့ရသည်အထိ ပေါက်ကွဲမှုက ပြင်းထန်ခဲ့သည်။

ဒေသခံများ၏ပြောကြားချက်များအရ အမျိုးသားရှစ်ဦးနှင့် အမျိုးသမီး ၁၂ ဦးပါ အလုပ်သမား၂၀ ဦးမှာ စက်ရုံသို့ နံနက်ပိုင်းတွင် ရောက်လာကြပြီး မည်သူတစ်ဦးတစ်ယောက်မျှ အပြင်သို့ပြန်ထွက်လာနိုင်သည်ကိုမတွေ့ရကြောင်း သိရသည်။ ပြည်နယ်တာဝန်ရှိသူတစ်ဦးက အလုပ်သမားအားလုံးသေဆုံးသည်ဟု အတိအကျမပြောနိုင်သေးသော်လည်း ပေါက်ကွဲမှုဖြစ်ရာစက်ရုံအတွင်း ဝင်ရောက်စစ်ဆေးရာတွင် အသက်ရှင်ကျန်ရစ်သူ တစ်စုံ တစ်ဦးမျှမတွေ့ရကြောင်း အစောပိုင်းကပြောခဲ့သည်။စက်ရုံပိုင်ရှင်ကမူ သုံးစွဲသူများသို့ မီးရှုးမီးပန်းများဖြန့်ဖြူးရန် အပြင်သို့သွားရောက်နေခြင်းကြောင့် သေဆုံးသည့်အထဲတွင် မပါဝင်ကြောင်း သိရသည်။

အဆိုပါမီးရှုးမီးပန်းစက်ရုံကို လယ်တဲတစ်ခု၏အပြင်ဘက်တွင် ဆောက်လုပ်လည်ပတ်နေခြင်းဖြစ်ပြီး လယ်တဲအတွင်း ယမ်းမှုန့်များနှင့် မီးရှုးမီးပန်းပြုလုပ်ရန် အခြားကုန်ကြမ်းပစ္စည်းများသိုလှောင်ထားသည်။ တာဝန်ရှိသူများက ပေါက်ကွဲမှုဖြစ်ရခြင်း၏အကြောင်းရင်းကိုစစ်ဆေးနေကြကြောင်းလည်းသိရသည်။

မှတ်တမ်းများကလည်း ၂၀၀၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၁၅ နှစ်အတွင်း ထိုင်းနိုင်ငံ၌ မီးရှုးမီးပန်းစက်ရုံများနှင့် သိုလှောင်ရာဂိုထောင်များတွင် ပေါက်ကွဲမှု ၂၄ ကြိမ် ဖြစ်ပွားခဲ့ရာ ပေါက်ကွဲမှုတိုင်း၌လည်း သေကြေဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။

Ref- -Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *