October 19, 2024

၁၈. ၁. ၂၀၂၄
Written by Ye Kyaw

မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် အထည်ချုပ်နှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အများဆုံးရရှိထားပြီး လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် အထည်ချုပ်နှင့် သဘာဝဓာတ်ငွေ တင်ပို့မှုတို့မှ ဒေါ်လာ ၅ ဒသမ ၈၅၁ ဘီလျံရရှိထား၍ စုစုပေါင်း ပို့ကုန်တင်ပို့မှု၏ ရာခိုင်နှုန်း ၅၀ ကျော်အထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ ကိုးလကျော်အတွင်း ပြည်ပသို့ စုစုပေါင်း ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၀ ဒသမ ၉၁၈ ဘီလျံရရှိထားသည့်အနက် အထည်ချုပ်တင်ပို့မှုသည် ဒေါ်လာ ၃ ဒသမ ၃၀၈ ဘီလျံဖြင့် အများဆုံးဖြစ်ပြီး သဘာဝဓာတ်ငွေ့တင်ပို့မှုသည် ဒေါ်လာ ၂ ဒသမ ၅၄၃ ဘီလျံဖြင့် ဒုတိယအများဆုံး တင်ပို့ထားခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် ပြည်ပသို့ ဝင်ငွေအများဆုံးရရှိထားသည့် ပို့ကုန်အမျိုးအစား ၁၀ မျိုးမှာ အထည်ချုပ် (ချုပ်ပြီးအထည်)၊ သဘာဝဓာတ်ငွေ့၊ မတ်ပဲ၊ ဆန်နှင့်ဆန်ကွဲ၊ ပြောင်း၊ ငါး၊ ပဲတီစိမ်း၊ ‌ရော်ဘာစိမ်း၊ ပဲစင်းငုံ၊ တစ်သျှူးငှက်ပျောသီးတို့ဖြစ်သည်။

အထည်ချုပ်နှင့် သဘာဝဓာတ်ငွေ့တို့နောက်တွင် မတ်ပဲတင်ပို့မှ ဒေါ်လာသန်း ၅၄၀ ကျော်၊ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာသန်း ၄၉၀ ကျော်၊ ပြောင်းတင်ပို့မှုမှ ဒေါ်လာသန်း ၃၈၀ ကျော်၊ ငါးတင်ပို့မှုမှ ဒေါ်လာသန်း ၂၆၀ ကျော်၊ ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာသန်း ၂၁၀ ခန့်၊ ရော်ဘာစိမ်းတင်ပို့မှုမှ ဒေါ်လာသန်း ၁၅၀ ကျော်၊ ပဲစဉ်းငုံတင်ပို့မှုမှ ဒေါ်လာသန်း ၁၁၀‌ ကျော်နှင့် တစ်သျှူးငှက်ပျောသီးတင်ပို့မှုမှ ဒေါ်လာသန်း ၉၀ နီးပါးဖြင့် အစဉ်လိုက် နိုင်ငံခြားဝင်ငွေ အများဆုံးရရှိထားခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်အမားဆုံးတင်ပို့ထားသည့် နိုင်ငံ ၁၀ နိုင်ငံမှာ ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမနီ၊ ပိုလန်၊ စပိန်၊ တောင်ကိုရီးယားနှင့် အီတလီ စသည့်နိုင်ငံတို့က အစဉ်လိုက်ရပ်တည်နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *