October 19, 2024

၁၇ ၁. ၂၀၂၄
Written by Thettant

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်တွင်း၌ ရောင်းချသင့်သည့် သင့်တင့်မျှတသော ဆန်‌ဈေးနှုန်း (Reasonable Market Price) များ ထုတ်ပြန်လာပြီး ‌ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၃၅၀၀၀ ထက်ကျော်၍ မရောင်းရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ခဲ့ကာ ယခင် ဒီဇင်ဘာလ သတ်မှတ်ချက်ထက် ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၄၅၀၀၀ ခုန်တက် သတ်မှတ်လိုက်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းသတ်မှတ်ချက်အရ ၁၀၈ ပေါင် တစ်တင်းခွဲအိတ်ကို အခြေခံသတ်မှတ်ပေးထားပြီး ဧည့်မထအုပ်စုဆန်များအတွက် ၂၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၆၀,၀၀၀ မှ ကျပ် ၆၂,၀၀၀၊ ၁၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၆၂,၀၀၀ မှ ကျပ် ၆၄,၀၀၀ နှင့် ၁၀-၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၆၄,၀၀၀ မှ ကျပ် ၆၈,၀၀၀ သတ်မှတ်ခဲ့ရာမှ ဇန်နဝါရီလတွင်မူ ၂၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၇၀,၀၀၀ မှ ကျပ် ၇၂,၀၀၀၊ ၁၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၇၂,၀၀၀ မှ ကျပ် ၇၅,၀၀၀ နှင့် ၁၀-၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၇၅,၀၀၀ မှ ကျပ် ၇၈,၀၀၀ အထိ ရာခိုင်နှုန်း ၂၀ ခန့် ခုန်တက်ခဲ့သည်။

အလားတူ ရက် ၉၀/ ပခန်း/အညာသား/ အထူးဧည့်မထဆန်အုပ်စုများ ၁၀-၅ မှတ်ဆန် တစ်အိတ်ကို ယခင်လက ကျပ် ၆၈,၀၀၀ မှ ၇၂,၀၀၀ သတ်မှတ်ခဲ့ရာမှ ကျပ် ၈၀,၀၀၀ နှင့် ၈၅၀၀၀ သို့ ခုန်တက်ခဲ့သလို ဧရာမင်း၊ ဧရာပဒေသာ ၁၀-၅ မှတ်ဆန် တစ်အိတ်ကို ယခင်လက ကျပ် ၉၀,၀၀၀ မှ ကျပ် ၉၅,၀၀၀ သတ်မှတ်ခဲ့ရာမှာ ကျပ် ၉၅,၀၀၀ နှင့် ကျပ် ၁၀၀,၀၀၀ အကြား သတ်မှတ်ခဲ့သည်။

ထို့ပြင် ဧရာဝတီပေါ်ဆန်းများ ၁၀-၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၁၀၀,၀၀၀ မှ ကျပ် ၁၁၀,၀၀၀၊ အခြားပေါ်ဆန်းများ ၁၀-၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၉၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀၊ ဧရာဝတီကြားပျံ (ကြားပျံ/တောင်ပျံ ၁၀-၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၁၅,၀၀၀ သတ်မှတ်ပေးခဲ့သည်။

ဒီဇင်ဘာလတွင် ထုတ်ပြန်သည့် ဈေးနှုန်း၌ စတင်ပါဝင်ခဲ့သည့် ‌ရွှေဘိုပေါ်ဆန်းအတွက် ယခင်လက တစ်အိတ်ကို ကျပ် ၉၀,၀၀၀ မှ ကျပ် ၉၅,၀၀၀ အတွင်း ရောင်းချရန် သတ်မှတ်ခဲ့ရာမှ ယခု ဇန်နဝါရီလတွင် ကျပ် ၁၂၅,၀၀၀ မှ ကျပ် ၁၃၅၀၀၀ အထိ သတ်မှတ်လိုက်ပြီး အနိမ့်ဆုံးစျေးနှင့် အမြင့်ဆုံးစျေး ကွာဟချက်အရ ယခင်လထက် ၆၆ ရာခိုင်နှုန်းကျော် စျေးခုန်တက်ခဲ့သည်။

ဆန်ဈေးနှုန်း တွက်ချက်ရာတွင် စိုက်ပျိုးသူ ‌တောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ သိုလှောင်ဖြန့်ဖြူးရောင်းချသူများနှင့် စားသုံးပြည်သူများအတွက် သင့်တင့်မျှတသေ ဆန်ဈေးနှုန်းဖြစ်စေရန် ထည့်သွင်းစဉ်းစားမှု၊ ယခင်နှစ် ဈေးနှုန်းများ၊ နိုင်ငံတကာ ဈေးနှုန်းများ၊ ပြည်တွင်းဈေးကွက်ရှိ အခြားကုန်စည်ဈေးများနှင့် ချင့်ချိန်ဆက်စပ်တွက်ကာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယခု ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများသည် လက်လီလက်ကားဈေးကွက်အတွင်း ရောင်းချမှုများအတွက် ဈေးနှုန်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်း ကွာဟနိုင်ပြီး Super Market များ၊ Mini Market များတွင် Consumer Packaging ဖြင့် Modern Trade ရောင်းချမှုများအတွက် ဈေးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း ကွာဟနိုင်‌ကြောင်း ဖော်ပြထားသည်။

ပြည်တွင်းဆန်စျေးကွက်တွင် မိုးစပါးပေါ်ချိန်က ရည်ညွှန်းစျေးဖြင့် စျေးကွက်ပေါက်စျေး၏ထက်ဝက်ခန့်စျေးနှိမ့်ချဝယ်ယူခဲ့သော်လည်း ဆန်စျေးမှမူယခင်ကထက်ပင် ဆက်လက်မြင့်တက်နေပြီး ဆန်စျေးကြီးမြင့်မှုနှင့် စျေးကစားမှုထိန်းချုပ်ရန်လုပ်ဆောင်နေသည်ဆိုသော်လည်း အမှန်တကယ်ထိန်းချုပ်နိုင်မှုမရှိချေ။

Leave a Reply

Your email address will not be published. Required fields are marked *