October 19, 2024

၁၇.၁.၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ Spice Jet လေကြောင်းလိုင်းက ၎င်းလေကြောင်းလိုင်း၏ပျံသန်းမှုခရီးစဉ်တစ်ခုအတွင်း ခရီးစဉ်တစ်ခုလုံးနီးပါးခန့်ပင် တစ်နာရီကြာခန့် လေယာဉ်၏သန့်စင်ခန်းအတွင်း ပိတ်မိနေခဲ့သော လေယာဉ်ခရီးသည် အမျိုးသားအား လေကြောင်းလိုင်းက ၎င်း၏ခရီးစဉ်တစ်ခုလုံးအတွက် လေယာဉ်စရိတ်ကျသင့်ငွေကို အပြည့်အဝ ပြန်လည်ပေးလျော်ခဲ့ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင်ကြေညာခဲ့သည်။

Spice Jet လေကြောင်းလိုင်း၏ အဆိုပါခရီးသည်တင်လေယာဉ်က ဇန်နဝါရီ ၁၆ ရက်တွင် မွမ်ဘိုင်းမြို့မှ ဘင်္ဂါလူရူမြို့သို့ ပျံသန်းလာခြင်းဖြစ်သည်။ ထိုခရီးသည်က လေယာဉ်သန့်စင်ခန်းသို့ဝင်ရောက်သွားခဲ့ပြီးနောက်တွင် သန့်စင်ခန်းတံခါးက ချွတ်ယွင်းမှုဖြစ်ကာ တံခါးကိုပြန်ဖွင့်၍ မရဘဲအတွင်း၌ ခရီးစဉ်တစ်ခုလုံးလိုလို လှောင်ပိတ်မိနေခဲ့‌ခြင်းဖြစ်သည်။

လေယာဉ်ဝန်ထမ်းများက သန့်စင်ခန်းအတွင်းလှောင်ပိတ်မိနေခဲ့သော ခရီးသည်အား လိုအပ်သည့်အကူအညီများပေးနိုင်ရန်ကြိုးစားခဲ့ကြသည်။ ခရီးသည်က သန့်စင်ခန်းတံခါးကို မဖွင့်နိုင်ခဲ့သည့်နောက် လေယာဉ်မယ်က စာရွက်ခေါက်လေးတွင် စာရေးကာ တံခါးကြားမှလျှိုသွင်း၍ အဆက်အသွယ်ရရန်ကြိုးစားခဲ့သည်။

ထိုစာတွင် “လူကြီးမင်းရှင့်။ ကျွန်မတို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်ဖွင့်လို့မရခဲ့ပါဘူး။ဒီအတွက် စိုးထိတ်စရာမရှိပါဘူး။ ကျွန်မတို့လေယာဉ်ဟာ မိနစ်အနည်းငယ်အတွင်း လေဆိပ်ကိုဆင်းတော့မှာပါ။ ဒါကြောင့် လုံလုံခြုံခြုံနဲ့ အေးအေးသက်သာရှိအောင်နေပါရှင့်။ လေဆိပ်ရောက်တာနဲ့တံခါးဖွင့်လို့ရမှာပါ” ဟုရေးခဲ့သည်။

ဘင်္ဂါလူရူမြို့လေဆိပ်သို့ဆင်းသက်အပြီးတွင်မူ အင်ဂျင်နီယာတစ်ဦးက ချွတ်ယွင်း၍ သော့ပိတ်ကျနေသော လေယာဉ်၏ သန့်စင်ခန်းတံခါးအား လာဖွင့်ပေးခဲ့သည်။ ခရီးသည်အား ကျန်းမာရေးအတွက် ဆေးဘက်ဆိုင်ရာအထောက်အပံ့များလည်း ပေးခဲ့သည်ဟုဆိုသည်။ ဇန်နဝါရီ ၁၇ ရက်တွင်မူ Spice Jet လေကြောင်းလိုင်းက လေယာဉ်ခရီးသည် အမျိုးသားအား လေကြောင်းလိုင်းက ၎င်း၏ခရီးစဉ်တစ်ခုလုံးအတွက် လေယာဉ်စရိတ်ကျသင့်ငွေကို အပြည့်အဝ ပြန်လည်ပေးလျော်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

Ref- Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *