October 19, 2024

၁၇.၁.၂၀၂၄
Translated by Htwe Ko Tun

ဂါဇာဒေသတောင်ပိုင်းကို ဇန်နဝါရီ ၁၆ ရက်ည တစ်ညလုံး အစ္စရေးတို့က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် ကာတာနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့က ကြားဝင်ညှိနှိုင်းမှုအရ ဂါဇာဒေသအတွင်းရှိ ဖမ်းဆီးခံအစ္စရေးနိုင်ငံသားများနှင့် အရပ်သားများအတွက် ဆေးဝါးများပေးပို့ဖြန့်ဖြူးမှုကို ဇန်နဝါရီ ၁၇ ရက်တွင် စတင်သွားမည်ဖြစ်ကြောင်းသိရသည်။

ဟားမားစ်တို့က ပြီးခဲ့သည့်အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ဝင်ရောက်တိုက်ခိုက်ကာ ၎င်းတို့ဖမ်းဆီးသွားခဲ့သော ဓားစာခံ ၂၄၀ အနက် ၁၃၂ ဦးမှာ ဂါဇာတွင် ဖမ်းဆီးခံထားရသေးပြီး ၎င်းတို့အနက် ၂၇ ဦးမှာသေဆုံးခဲ့ပြီဟု ယုံကြည်ရကြောင်းလည်း သိရသည်။

ဖမ်းဆီးခံထားရသေးသောဓားစာခံများ၏ ကံကြမ္မာကလည်း အစ္စရေးလူ့အဖွဲ့အစည်းတစ်ခုလုံးကိုပင် ဖမ်းစားဆုပ်ကိုင်နေသည်ဟု ဆိုရမည်ဖြစ်သည်။ စစ်ပွဲကြာရှည်လာသည်နှင့်အမျှ ဂါဇာဒေသအတွင်း အစားအစာပြတ်လပ်မှုဘေးက အထူးစိုးရိမ်လာရပြီး နိုင်ငံတကာကလည်း အပစ်အခတ်ရပ်စဲရေးကို လိုလားလျက်ရှိကြသည်။

ကာတာသတင်းဌာနက ဇန်နဝါရီ ၁၆ ရက်တွင် ဒိုဟာမြို့၌ ထုတ်ပြန်ချက်အရ ဂါဇာဒေသအတွင်းအရပ်သားများကို ဆေးဝါးများပေးပို့ဖြန့်ဖြူးနိုင်ရန် အစ္စရေးနှင့် ဟားမားစ်တို့ကြား သဘောတူညီခဲ့ပြီး ဆေးဝါးများနှင့်အတူ လူသားချင်းစာနာသည့်အထောက်အပံ့များပါ ဂါဇာသို့ပေးပို့သွားမည်ဟု ဖော်ပြခဲ့သည်။ ၎င်းတို့ကို ဂါဇာတွင် ဖမ်းဆီးခံထားရဆဲဖြစ်သော အစ္စရေးဓါးစာခံများထံသို့လည်းပေးပို့မည်ဟု ဆိုသည်။

နောက်ဆုံးသတင်းများအရလည်း ဂါဇာတွင် အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော ပါလက်စတိုင်းဦးရေ အနည်းဆုံး ၂၄,၂၈၅ ဦးရှိသွားပြီဖြစ်ကြောင်းနှင့် ၎င်းတို၏ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြသည်ဟု ဆိုသည်။ ဂါဇာဒေသလူဦးရေ ၂ ဒသမ ၄ သန်းခန့်၏ ၈၅ ရာခိုင်နှုန်းခန့်ရှိမည့်ပြည်သူများကလည်း နေအိမ်များကိုစွန့်ခွာလျက် ယာယီတဲများထိုး၍နေနေကြရပြီး အစားအစာ၊ ရေ၊ လောင်စာနှင့် ဆေးဝါးများဒေသအတွင်း ပြတ်လပ်လျက်ရှိသည်။

Ref- France 24

Leave a Reply

Your email address will not be published. Required fields are marked *