October 19, 2024

၁၇.၁.၂၀၂၄
Translated by Htwe Ko Tun

ဂျပန်နိုင်ငံမြောက်ပိုင်း နယူးချိစ်တို့လေဆိပ်တွင် တောင်ကိုရီးယားနိုင်ငံမှ KAL လေကြောင်းလိုင်းလေယာဉ်တစ်စီးကို ပျံသန်းရန် မြေပြင်မှယာဉ်တစ်စင်းက ဆွဲ၍လာစဉ် ရပ်နားထားသော Cathay Pacific လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးကို ဝင်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

KAL လေကြောင်းလိုင်းလေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၂၈၉ ဦးရှိသော်လည်း ထိုလေယာဥ်တိုက်မိမှုကြောင့်တစ်စုံတစ်ရာဒဏ်ရာရခြင်းနှင့် မီးလောင်ကျွမ်းမှုများ မရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။

ထိုဖြစ်ရပ်တွင် KAL လေယာဉ်က ရပ်ထားရာမှ စတင်ပျံတက်ရန်အတွက် ပြေးလမ်းကြောင်းသို့ ရွေ့ရှားလာစဉ် လေယာဉ် ၏ဘယ်ဘက်တောင်ပံက လူပါခြင်းမရှိဘဲရပ်နားထားသည့် Cathay Pacific လေကြောင်းလိုင်းလေယာဉ်အား သွားရောက်ထိခိုက်မိခဲ့ခြင်းဖြစ်သည်။

KAL လေကြောင်းလိုင်းက ၎င်း၏ အဲယားဘတ်စ် အေ ၃၃၀-၃၀၀ ခရီးသည်တင်လေယာဉ်မှာ ပျံသန်းမှုခရီးစဉ် ၇၆၆ အရ တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့သို့ ပျံသန်းရန် နယူးချိစ်တို့လေဆိပ်၌ မြေပြင်ထိန်းချုပ်ယာဉ်တစ်စင်းက တွန်းလာစဉ် နှင်းထူထပ်စွာကျနေမှုကြောင့် ထိုယာဉ်မှာ လမ်းချော်ကာ လေယာဉ်မှာလည်း အခြားလေယာဉ်တစ်စင်းကို တိုက်မိခဲ့ခြင်းဟု ကြေညာခဲ့သည်။

ထိုဖြစ်ရပ်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ဟာနီဒါလေဆိပ်တွင် ဂျပန်လေကြောင်းလိုင်း JAL မှခရီးသည်တင်လေယာဉ်တစ်စီးနှင့် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့လေယာဉ်တစ်စီးတို့ တိုက်မိကာ မီးလောင်မှုဖြစ်ပွားခဲ့ရပြီး နှစ်ပတ်ခန့်သာကြာသေးချိန်တွင် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။ ထိုလေယာဉ်တိုက်မှုတွင် JAL ခရီး သည်တင်လေယာဉ်မှ လူအားလုံးမှာ တစ်စင်းလုံးနီးပါး မီးမလောင်ကျွမ်းမီ လေယာဉ်မှထွက်ပြေးနိုင်ခဲ့ကြသည်။သို့သော် ကမ်းခြေစောင့်တပ်ဖွဲ့လေယာဉ်တွင် လိုက်ပါလာသူ ခြောက်ဦးအနက် ငါးဦးအသက်ဆုံးရှုံးခဲ့ရသည်။

Ref- AP

Leave a Reply

Your email address will not be published. Required fields are marked *