October 19, 2024

၁၇.၁.၂၀၂၄
Translated by Htwe Ko Tun

အီရန်နိုင်ငံက ပါကစ္စတန်နိုင်ငံအတွင်း ဆွန်နီစစ်သွေးကြွအုပ်စုဖြစ်သော Jaish al-Adl အုပ်စု၏အခြေစိုက်စခန်းများဟု ယူဆရသောနေရာများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများကို ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသအတွင်း အစ္စရေးတို့၏ ဂါဇာကို ကျူးကျော်စစ်ပွဲအရှိန်အဟုန်က တင်းမာမှုများကူးစက်ပျံ့နှံ့လာခြင်းဟု သုံးသပ်ကြသည်။

ပါကစ္စတန်အစိုးရက အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးနှစ်ဦးသေဆုံးခဲ့ရပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် မိမိတို့နိုင်ငံ၏ လေကြောင်းပိုင်နက်ကို ရန်လိုမှုသက်သက်ဖြင့် ချိုးဖောက်ခဲ့ခြင်းဟု ပြောခဲ့သည်။

အဆိုပါတိုက်ခိုက်မှု၏နောက်ဆက်တွဲအခြေအနေက ရှုတ်ထွေးလျက်ရှိသည်။ နျူကလီးယားလက်နက်ပိုင်ဆိုင်သော ပါကစ္စတန်နိုင်ငံအတွင်းသို့ အီရန်နိုင်ငံ၏ အဆိုပါလေကြောင်းတိုက်ခိုက်မှုက နှစ်နိုင်ငံအကြားဆက်ဆံရေးများကိုပါ ထိခိုက်စေနိုင် သည်။ ၎င်းတို့နှစ်နိုင်ငံက သံတမန်ဆက်သွယ်မှုများထားရှိကြသည့် နှစ်ပေါင်းများစွာအတွင်းတွင်လည်း တစ်ဦးနှင့်တစ်ဦး သံသယမျက်လုံးများဖြင့် စောင့်ကြည့်နေခဲ့ကြခြင်းဖြစ်သည်။

အီရန်က အီရတ်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံအတွင်းတို့တွင်လည်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ပြီးနောက် တစ်ရက်အကြာတွင် ဤကဲ့သို့ ပါကစ္စတန်နိုင်ငံအတွင်းသို့ပါ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အီရန်နိုင်ငံအတွင်း ဇန်နဝါရီလအတွင်း၌ပင် လူ ၉၀ ကျော်သေဆုံးစေခဲ့သော ဆွန်နိစစ်သွေးကြွအုပ်စု၏ အသေခံဗုံးခွဲတိုက်ခိုက်မှုကို အီရန်အစိုးရက တုံ့ပြန်တိုက်ခိုက်ခြင်းဟုလည်းဆိုကြသည်။

အီရန်နိုင်ငံပိုင်သတင်းဌာန IRNA က ပါကစ္စတန်နိုင်ငံအတွင်းလေကြောင်းတိုက်ခိုက်မှုတွင် ဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်များကို အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ တရားမျှတမှုတပ်မတော်ဟု အဓိပ္ပာယ်ရသော Jaish al-Adl ဆွန်နီစစ်သွေးကြွအုပ်စုကို ၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပါကစ္စတန်နိုင်ငံ၏နယ်စပ်တစ်ဝန်းကြီးမားစွာလှုပ်ရှားလျက်ရှိသည်။ ၎င်းစစ်သွေးကြွအုပ်စုက အတိတ်ကလည်း အီရန်နိုင်ငံအတွင်း ဗုံးခွဲမှုများနှင့် အီရန်နယ်စပ်ရဲတပ်ဖွဲ့ဝင်များကို ပြန်ပေးဆွဲမှုများပြုလုပ်ခဲ့ဖူးသည်။

အီရန်က နယ်စပ်ဒေသများတွင် ထိုစစ်သွေးကြွ အုပ်စုအားတိုက်ခိုက်မှုများပြုခဲ့သော်လည်း ပါကစ္စတန်နိုင်ငံအတွင်းသို့ရောက်သည်အထိ ဝင်ရောက်၍ ယခုကဲ့သို့မောင်းသူမဲ့လေယာဉ်များ၊ ဒုံးကျည်များနှင့်တိုက်ခိုက်မှုမျိုးကိုမူ မပြုလုပ်ခဲ့ဘူးပေ။ တိုက်ခိုက်မှုကြောင့် နှစ်နိုင်ငံနယ်စပ်မှ ကီလိုမီတာ ၅၀ (မိုင် ၃၀) အကွာရှိ ဘလူးချိစတန် ပြည်နယ်အတွင်း ဗလီတစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ပါကစ္စတန်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်၏တိုက်ခိုက်မှုအပေါ်ပြင်းထန်စွာရှုတ်ချကြောင်း၊ အပြစ်မဲ့ကလေးငယ်နှစ်ဦးသေဆုံးကာ မိန်းကလေးသုံးဦးဒဏ်ရာရခဲ့ကြောင်း ကြေညာခဲ့သည်။

အီရန်ကလည်း ဆွန်နီအများစုနေထိုင်ရာ ပါကစ္စတန်နိုင်ငံအနေဖြင့် အီရန်၏ဒေသတွင်းပြိုင်ဘက်ဟုလည်းဆိုနိုင်သည့် ဆော်ဒီအာရေးဗျ၏ မေတ္တာရပ်ခံချက်ဖြင့် စစ်သွေးကြွအုပ်စုများ လက်ခံထားခြင်းအပေါ် အထူးသံသယဖြစ်လျက်ရှိသည်။ သို့သော် တရုတ်က ကြားဝင်စေ့စပ်လျက် အီရန်နှင့် ဆော်ဒီအာရေးဗျအကြား မတ်လက တင်းမာမှုများလျော့စေသည့်သဘောတူညီချက် ရခဲ့ကြသည်။

Ref – abc news

Leave a Reply

Your email address will not be published. Required fields are marked *