October 19, 2024

၁၇.၁.၂၀၂၄
Written By Thandar

မြန်မာသံတေးသီချင်းတွေနဲ့ ရွှေတံဆိပ်ဆုတွေများစွာ ရရှိထားတဲ့ တေးသံရှင် အိအိချွန်ကတော့ ကျန်းမာရေး အနည်းငယ်မကောင်း ဖြစ်နေတာကြောင့် တေးသီချင်းတွေ အများကြီးဆိုချင်ပေမယ့် သိပ်မဆိုနိုင်လို့ အားငယ်စိတ်ဖြစ်မိတယ်လို့ ဆိုပါတယ်။

“ကျန်းမာရေးကြောင့် ကိုယ်ချစ်မြတ်နိုးတဲ့ အနုပညာကို ချပြခွင့်မရတာတွေရှိတော့ ဝမ်းနည်းရတယ်။ ဦးနှောက်ကြောင့် လျာလေးနည်းနည်း လေးတာလေးတွေရှိတယ်။ ဒီ့ထက်ဆိုးသွားရင် သီချင်းတွေ ဆိုနိုင်ပါဦးမလား စိတ်ကတော့ အမြဲတမ်းဖြစ်ရပါတယ်။ အနုပညာသမားဆိုတော့ သီချင်းတွေဆိုချင်ပေမယ့် တစ်ခါတလေ အားငယ်တာတွေ ရှိတယ်။ ခုချိန် ကိုယ်ဆိုနိုင်တုန်း ပြောနိုင်တုန်း မြင်နိုင်တုန်းလေးမှာ ငါ သီချင်းတွေအများကြီးဆိုထားရမယ်ဆိုတဲ့ စိတ်ဖြစ်မိတယ်။ အိမ်မှာတောင် Home Studio လုပ်ဖို့စဉ်းစားထားပါတယ်”လို့ တေးသံရှင် အိအိချွန်က ပြောပါတယ်။

သူမဟာ မြန်မာသံတေးသီချင်း တစ်ကိုယ်တော် တေးအယ်လ်ဘမ်တွေ၊ စုံတွဲတေးသီချင်း တေးအယ်လ်ဘမ်တွေအပြင် အမဖြစ်သူ အိအိမွန်နဲ့လည်း နှစ်ယောက်တွဲ သီချင်းခွေတွေလည်း ထွက်ရှိခဲ့ပါတယ်။ တေးသံရှင် အိအိချွန်ကတော့ လက်ရှိ ဦးနှောက်ရိုးရိုးအကြိတ်ဝေဒနာကို ၆ နှစ်ကျော် ခံစားနေရတာလည်း ဖြစ်ပါတယ်။

“လက်ရှိ ခေါင်းကိုက်တာလည်း နည်းနည်း သက်သာလာတယ်။ တချို့နယ်ပွဲလေးတွေ လိုက်ဆိုဖြစ်တယ်။ အရင်ကဆိုရင် ခေါင်းက တစ်ပတ်ကို ၆ ရက်လောက်အမြဲတမ်းကိုက်နေတော့ သီချင်းတွေလည်း သိပ်မဆိုဖြစ်ဘူး။ အားလည်း မရှိဘူးပေါ့နော်။ အခုတော့ ပရိသတ်တွေက ကိုယ့်ကို လက်ခံပေးတယ်။ ကိုယ့်ရဲ့ ကျန်မာရေးက အရင်ကထက် နေရထိုင်ရတာကောင်းလာတယ်။ အရှင်းကြီးတော့ ပျောက်မသွားသေးပါဘူး။ မွေးထားရတဲ့ သဘောလေး။ အကြိတ်က နည်းနည်လေးတော့ ကြီးလာတယ်။ ခေါင်းကအကြိတ်က နည်းနည်းကြီးမှသာ ခွဲလို့ရမှာပါ။ ခုချိန်မှာ ခွဲလို့မရသေးတော့ ဆေးနဲ့ပဲထိန်းထားပြီး ကုသနေပါတယ်။ ဦးနှောက် ရိုးရိုးအကြိတ်ဖြစ်နေတာပါ။ ကင်ဆာတော့ မဟုတ်ပါဘူး။ ဒီရောဂါရဲ့ အဓိကဆိုးကျိုးကတော့ တီးလုံးသံတွေနားထောင်တယ်။ မီးဗန်းတွေကြောင့် မီးဒဏ်တွေခံရတယ်။ နေပူထဲသွားရင် ခေါင်းအမြဲတမ်းကိုက်တယ်။ တစ်ခါတလေ ပျို့ချင်အန်ချင်ဖြစ်တယ်။ အစားအသောက်လည်း အမှားသိပ်မခံဘူး။ အနေအထိုင်မှားလိုက်တာနဲ့ ချက်ခြင်း တန်းဖြစ်တာပေါ့။ သေချာဂရုစိုက်နေထိုင်ရတာပေါ့။ ထိန်းထိန်းသိမ်းသိမ်းနေရတယ်။ ဒီနေ့သီချင်းဆိုပြီးရင်နားတာတို့၊ အသံသွင်းပြီးရင် ၄ ရက်၊ ၅ ရက်နားရတာတွေ လုပ်နေရတာတွေ ရှိတယ်။ ကိုယ့်ကျန်းမာရေးကိုယ်တော့ သေချာအမြဲတမ်းတော့ ဂရုစိုက်ရတယ်”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *