SAC ဥက္ကဋ္ဌက ထိုင်းစစ်ဘက်ဆိုင်ရာ အကြီးအကဲများနှင့် တစ်လအတွင်း သုံးကြိမ် တွေ့ဆုံ
MT News
မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးတို့အတွက် နိုင်ငံတော်စီအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center၊ Neighboring Countries Coordination Center (NCCC) ဌာန၏ အကြီးအကဲဖြစ်သူ General Kittisak Boonprathamchai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ခိုင်မာစေရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ခြင်း၊ သတင်းအချက်အလက်များ ဖလှယ်ရေးတို့တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေတို့ကိုလည်း ဆွေးနွေးခဲ့သည်။
နှစ်နိုင်ငံ နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးနှင့် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများကို ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee နှင့် ဇန်နဝါရီ ၁၂ ရက်တွင် Video Conferencing ဖြင့် လည်းကောင်း၊ ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Jakkapong Janpengpen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဒီဇင်ဘာ ၂၇ ရက်တွင် နေပြည်တော်၌လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။