၁၆. ၁. ၂၀၂၄
Written by Hey Mar
ဗိုလ်တထောင်မြို့နယ်မှာ လူငယ်ချင်းစကားများရန်ဖြစ်ရာက ဓားနဲ့လိုက်လံထိုးခုတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၃၀ ဝန်းကျင်အမျိုးသား နောက်ကျော ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိမှုဖြစ်စဉ် မနေ့က ဇန်နဝါရီ ၁၅ ရက် ညဦးပိုင်းကဖြစ်ပွားခဲ့တယ်လို့ လင်းလက်လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဉ်က ဗိုလ်တထောင်မြို့နယ် ၄၃ လမ်း ကမ်းနားလမ်းထိပ်မှာ ဖြစ်ပွားခဲ့ပြီး ဓားထိုးခံရသူလူငယ်က ထွေအုပ်ရုံးဘက်ကို ပြေးထွက်လာနိုင်တဲ့အတွက် ဝိုင်းဝန်းကူညီလိုက်နိုင်ကြောင်း ၊ ရုံးမှ တာဝန်ရှိသူတွေက လင်းလက်လူမှုကူညီရေးအသင်းကို ဖုန်းဆက်ခေါ်ဆောင်ကာ မြေပြင်အကူအညီတောင်းတဲ့အတွက် သွားရောက်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
“သူတို့ ရပ်ကွက်သား အချင်းချင်း ရန်ဖြစ်ကြတာ။ ဓားနဲ့ထိုးခံရတဲ့ကောင်လေးက ကြောက်လန့်နေလို့ ရှေးဦးသူနာပြုစုရေးလုပ်ငန်းစဉ်တွေ လုပ်ပေးလိုက်ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ပေးလိုက်ပါတယ်။ သူ့ကို လိုက်ခုတ်တဲ့သူတွေက သူ ထွေအုပ်ရုံးထဲဝင်ပြေးတော့ ဆက်မလိုက်တော့ဘဲ ထွက်ပြေးသွားကြတယ်”လို့ လင်းလက်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။