October 19, 2024

၁၆. ၁. ၂၀၂၄
Written By Thandar

မြန်မာပြည်တင်မက ပြည်ပနိုင်ငံမှာပါ သရုပ်ဆောင် အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ပိုင်တံခွန်ကတော့ ကံကောင်း ဇာတ်ကားကြီး ရုံတင်ချိန်မှာ ပရိသတ်တွေအားပေးတာနဲ့တင် ကျွန်တော်အတွက် အကယ်ဒမီရသလိုခံစားရတယ်လို့ ရင်ဖွင့်လာပါတယ်။

“ကံကောင်း ရုပ်ရှင်ဇာတ်ကားကို ပရိသတ်တွေ အရမ်းကြိုက်တယ်ဆိုတာနဲ့ အရမ်း ဝမ်းသာနေပြီ။ အကယ်ဒမီနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ အနုပညာနဲ့ပတ်သက်ရင် အရမ်းနည်းပါးသေးတယ်။ အနုပညာ အရည်အသွေးနည်းသေးတာပေါ့။ အားပေးပြီး သဘောကျတယ်ဆိုတာနဲ့ ကျွန်တော်က အရမ်းပျော်နေတာပါ။ အကယ်ဒမီလည်း ကျွန်တော် ဘာမှမစဥ်းစားဘူး။ ကျွန်တော် ရိုက်ခဲ့တဲ့ကားကို ပရိသတ်တွေကြည့်ပေးတယ်။ ဒီဇာတ်ကား ရုံတင်ချိန်မှာ ပရိသတ်တွေအားပေးတာနဲ့တင် ကျွန်တော့်အတွက် အကယ်ဒမီရသလိုခံစားရတယ်။ ကံကောင်း ခွေးလေးနဲ့ ဇာတ်ဝင်ခန်း တစ်ခန်းရိုက်တာ တော်တော်လေးကို ခက်ခဲခဲ့ရတယ်။ မြန်မာ့သမိုင်းမှာ ခွေးလေးနဲ့အကုန်လုံး ပင်ပင်ပန်းပန်းရိုက်ကူးခဲ့တာမို့ သူ့ကိုတော့ ရစေချင်တယ်။ ကားနာမည်ကလည်း သူ့နာမည်ပါ ” လို့ ပိုင်တံခွန်ကပြောပါတယ်။

သူရဲ့ ပထမဦးဆုံးပြည်ပမှာ ရိုက်ကူးထားတဲ့ “အငှားချစ်သူ ” Rent Boy ရုပ်ရှင်ဇာတ်ကားကြီးကို ကမ္ဘောဒီးယားနိုင်ငံမှာ ရုံတင်ခွင့်ရရှိခဲ့ပြီး လက်ရှိ ကမ္ဘောဒီးယားနိုင်ငံမှာ ရုပ်ရှင်ဇာတ်ကား ၃ ကားမြောက်ကို ညီဖြစ်သူ ရှင်ဘုန်းပြည့်နဲ့အတူ ရိုက်ကူးလျှက်ရှိကာရုပ်ရှင်ဇာတ်ကားပေါင်း ၅ ကားကိုလည်း ရိုက်ကူးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

“လက်ရှိအချိန်မှာတော့ ကျွန်တော်ဘဝမှာ အတွေ့အကြုံတွေ အများကြီးဖြတ်သန်းပြီးသွားပြီပေါ့။ အခုနောက်ပိုင်း ဘာတွေပြောင်းလဲသွားလဲဆိုရင် အေးချမ်းတဲ့နေရာမှာပဲ နေချင်တော့တယ်။ စိတ်ရဲ့ အေးချမ်းတဲ့နေရာမှာပဲ ဖြတ်သန်းချင်တယ်။ အရာရာတိုင်း ကျွန်တော့်လိုပဲ လူတိုင်းကို အေးချမ်းစေချင်ပါတယ်။ Rent Boy ရုပ်ရှင်ကားကတော့ ကမ္ဘောဒီးယားမှာ ရုံတင်ပြီးသွားပါပြီ။ကြည့်သူလည်း အရမ်းများတယ်။ နောက် ထိုင်းမှာ ရုံတင်မယ်။ မကြာခင် မြန်မာမှာလည်း ရုံတင်ပြသဖို့တော့ အစီအစဉ်ရှိပါတယ်။ ထိုင်းနိုင်ငံမှာလည်း မတ်လမှာ ရုံတင်မှာပါ။ ကမ္ဘောဒီးယားမှာတော့ ပရိသတ်က ၁၀၀ ရာခိုင်နှုန်းအမှတ်ပေးကြတယ်။ ဇာတ်လမ်းအပေါ်မှာပေါ့။ ဟာသကားလေးမို့ လူတိုင်းကို စိတ်ပျော်ရွှင်စေခဲ့ရတယ်။ မင်းသား မင်းသမီးတွေ သိပ် ရင်းနှီးမှုမရှိဘူး အစပိုင်းမှာ။ နောက်ပိုင်းအဆင်ပြေပြီး Chemistry မိခဲ့တယ်။ပရိသတ်တွေဆီက ပြန်လာတဲ့ Feedback ဆိုရင် နမ်းတဲ့အခန်းတွေပေါ့။ Professional ဖြစ်တဲ့အတွက် အလုပ်လုပ်ရတာမို့ တကယ်နမ်းရတာတွေရှိတယ်။ ကိုယ့် ညီအစ်ကိုမောင်နှမလို သဘောထားပြီး အလုပ်လုပ်ဖြစ်တာပါ”လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *