October 19, 2024

၁၂. ၁. ၂၀၂၄

Written by Nay Aung

မြန်မာနိုင်ငံရှိ လူပေါင်း ၂၅ သန်းကျော်မှာ ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် ဆင်းရဲစွာ နေထိုင်နေရကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းဖြစ်သော UNHCR ၏ အချက်အလက်များကို ကိုးကားပြီး Relief Web ဝက်ဆိုက်တ်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ပထမ နှစ်ဝက်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် တည်ငြိမ်ခဲ့သော်လည်း စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ရမည့် ဆောင်ရွက်မှုများ နှေးကွေးနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကိုဗစ် ကပ်ရောဂါမဖြစ်ပွားခင်အချိန်ကထက် ပိုမိုလျော့နည်းကျဆင်းနေကြောင်း သိရသည်။

မြန်မာနိုင်ငံရှိအိမ်ထောင်စုများ၏ ဝင်ငွေကျဆင်းနေခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်း လုပ်ဆောင်ရမည့် လုပ်ငန်းများကန့်သတ်ခံရခြင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာမရခြင်း၊ သွင်းကုန်ကန့်သတ်ခြင်းများအပြင် မြန်မာနိုင်ငံတွင်စီးပွားရေးလုပ်ငန်းများလာရောက်လုပ်ကိုင်ရန် မှတ်ပုံတင်အမည်စာရင်းတင်သွင်းသူအရေအတွက် လျော့နည်းခြင်းများရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး ယင်းတိုးတက်မှုနှုန်းက၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် များစွာ ကျဆင်းနေကြောင်း သိရသည်။ ကိုဗစ် ကပ်ရောဂါအပြင် နိုင်ငံရေးအခြေနေများကြောင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေရာ သယ်ယူပို့ဆောင်ရေးနှင့်ထောက်ပံ့ရေး ကွင်းဆက်များကို အခက်အခဲများဖြစ်စေခဲ့ပြီး ၂၀၂၄ ဇန်နဝါရီလ ပထမသီတင်းပတ်အထိ လူပေါင်း ၂ ဒသမ ၆ သန်းကျော်နေရပ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့က ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ မြို့နယ်များအနက် မြို့ပေါင်း ၄၉ မြို့တွင်နေထိုင်နေသူများသည် အခက်အခဲများရင်ဆိုင်နေရပြီး ၎င်းတို့ထံရောက်ရှိရန် ခက်ခဲမှုများရှိနေကြောင်း၊ အဆိုပါမြို့ပေါင်း ၄၉ မြို့သည် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသည့်မြို့နယ်များဖြစ်သည့်အတွက် လမ်းပန်း ဆက်သွယ်ရေး မကောင်း၍ သွားလာရန်အခက်အခဲများရှိနေကြောင်း ကုလသမဂ္ဂနှင့် ကမ္ဘာကျန်းမာရေးအဖွဲ့ကဖော်ပြထားသည်။

အဆိုပါ မြို့ပေါင်း ၄၉ မြို့တွင်နေထိုင်နေသည့် လူပေါင်း ၂ ဒသမ ၉ သန်းသည် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးနှင့်အခြားလိုအပ်သော အကူအညီများ ရရှိရန်အခက်အခဲများ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

Ref ., Relief Web

Leave a Reply

Your email address will not be published. Required fields are marked *