October 19, 2024

◾ တရုတ်နယ်စပ်ဒေသပြည်သူများနှင့် မြန်မာနိုင်ငံရှိ စီမံကိန်းမှ ဝန်ထမ်းများ မထိခိုက်စေရေးကိုပါ ကတိပြုခဲ့ဟု ဖော်ပြ

၁၂. ၁. ၂၀၂၄

Written by Nyein Kyaw

တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့တို့အကြား ဆွေးနွေးမှုတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘော တူညီခဲ့သည့်အပြင် တရုတ်နိုင်ငံမှ နယ်စပ်ဒေသပြည်သူများနှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းမှဝန်ထမ်းများ ဘေးကင်းလုံခြုံမှု မထိခိုက်စေရန် ကတိပြုခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ယနေ့တွင် ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်၏ မေးမြန်းမှုအား ဖြေကြားရာတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်တိုက်တွန်းမှုဖြင့် မြန်မာနိုင်ငံ တပ်မတော်နှင့် MNDAA၊ TNLA၊ AA မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ (၃) ဖွဲ့တို့သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက် မှ ၁၁ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆွေးနွေးမှုတွင် နှစ်ဦးနှစ်ဖက်က ချက်ချင်းအပစ်အခတ်ရပ်စဲရန်၊ စစ်ရေးထိတွေ့မှုများရပ်တန့်ရန်၊ သက်ဆိုင်ရာ အငြင်းပွားမှုတောင်းဆိုချက်များကို ငြိမ်းချမ်းစွာဆွေး နွေးခြင်းဖြင့် ဖြေရှင်းရန် သဘောတူခဲ့ကြကြောင်း၊ နှစ်ဦးနှစ်ဖက်က တရုတ်နိုင်ငံ နယ်စပ်ဒေသပြည်သူများနှင့် မြန်မာနိုင်ငံအတွင်းရှိ စီမံကိန်းမှဝန်ထမ်းများ ဘေးကင်းလုံခြုံမှု မထိခိုက်စေရန် ကတိပြုခဲ့သည့်အပြင် အပစ်အခတ်ရပ်စဲရေးစီစဉ်မှု စသည့်အခြားကိစ္စရပ်များကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအရှိန်ကို ထိန်းသိမ်းခြင်းသည် မြန်မာနိုင်ငံဘက်အသီးသီး၏ အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်လည်း အထောက်အကူပြုကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီးက သဘောတူညီမှုရရှိထားသည့် အပစ်အခတ်ရပ်စဲမှုကို သေချာစွာအကောင်အထည်ဖော်ဆောင်ပြီး အပြန်အလှန်အစွမ်းကုန် ထိန်းသိမ်းစွာလုပ်ဆောင်၍ ဆွေးနွေးခြင်းဖြင့် ပြဿနာများကို ဆက်လက်ဖြေရှင်းကာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်လာစေရေးအတွက် အတူတကွတွန်းအားပေးဖော်ဆောင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်းနှင့် တရုတ်နိုင်ငံက ယင်းအတွက် တတ်စွမ်းသမျှကူညီပံ့ပိုးမှုများ ပြုလုပ်ကာ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့အကြား ယာယီအပစ်ခတ် ရပ်စဲရေး သဘောတူညီမှုရခဲ့ကြောင်းနှင့် အပစ်အခတ်ရပ်စဲမှုခိုင်မာရေးကိုပါ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး(SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ယနေ့တွင် အတည်ပြုပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *