October 19, 2024

၁၂. ၁. ၂၀၂၄

Written by Nyein Kyaw

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်နေမှုများကို နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee တို့ ယနေ့တွင် Video Conferencing ဖြင့် ဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးစဉ် နယ်စပ်ဒေသကုန်သွယ်မှုများ လုံခြုံချောမွေ့အဆင်ပြေစေရးအတွက် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး၊ သတင်းအချက်အလက်ဖလှယ်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံနယ်စပ်ဒေသများ၌ တောမီးလောင်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ပူးပေါင်းကာကွယ် တားဆီးရေးဆိုင်ရာများ စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြဝတီမြိုအနီး ပြုလုပ်နေသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများကို ပူးပေါင်းတိုက်ဖျက်ရေးတို့အတွက် SAC ဥက္ကဋ္ဌနှင့် ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Jakkapong Janpengpen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ဒီဇင်ဘာ ၂၇ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထိုင်ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ယနေ့တွင် ထပ်မံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *