October 19, 2024

MT News

၁၂. ၁. ၂၀၂၄

◾MNDAA နှင့် လက်နက်ကိုင်များက ဘုရားစေတီပုထိုးများ ဖျက်ဆီးမှုအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကန့်ကွက်ရှုတ်ချပွဲများ ပြုလုပ်

MNDAA အပါအဝင် လက်နက်ကိုင်များက စစ်ရေးဖြင့်သက်ဆိုင်ခြင်းမရှိသည့် ဘုရား စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို နေပြည်တော်ကောင်စီနယ်မြေရှိ မြို့တော်ခန်းမ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ မကွေးမြို့စသည့် ဒေသများတွင်ပြုလုပ်ခဲ့ပြီး “သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး(ဒို့အရေး) ၊ ဗုဒ္ဓသာသနာအား အကြမ်းဖက် ဖျက်ဆီးနေသော သူပုန်များ(ကျရှုံးပါစေ)၊ လူသတ်အကြမ်းဖက်သူပုန် မှန်သမျှ(ဆန့်ကျင်ကြ)၊ ဗုဒ္ဓသာသနာကို အကြမ်းဖက်ဖျက်ဆီးနေသော လူသတ်မိစ္ဆာသူပုန် များအား ရှင်းလင်းရေး(ဒို့အရေး)၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ၀င် တိုင်းရင်းသားများ ကိုးကွယ်ယုံကြည်သည့် ဘုရား၊ စေတီ ၊ ဆင်းတုတော်များအား ဖျက်ဆီးသူ(ဒို့ရန်သူ)၊ ဘုရား၊ စေတီ၊ ဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက် မိစ္ဆာသောင်းကျန်သူများ(ကျရှုံးပါစေ)၊ ဗုဒ္ဓဘာသာ၀င်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီများအား စော်ကားဖျက်ဆီးသူ(ဒို့ရန်သူ)၊ ဒို့ဘာသာ၊ ဒို့သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီး စော်ကားသူများအား(ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်များအား (အလိုမရှိ)၊ သာသနာဖျက်အကြမ်းဖက်သမားများ (အလိုမရှိ)” စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသည်ဟု သိရသည်။

◾ တောင်ပုရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိသတင်း မှားယွင်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ တောင်ပုကျေးရွာကို ဇန်နဝါရီ ၁၀ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒေသခံများထံမှ ငွေကြေးများ ခြိမ်းခြောက်ယူဆောင်သွားကြောင်း သတင်းအမှားများ ဖြန့်ဝေနေပြီး အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်သတင်းအရင်းအမြစ်များနှင့် သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၁၀ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တောင်ပုကျေးရွာသို့ သွားရောက်ခဲ့ခြင်းမရှိသလို လက်နက်ကြီးပစ်ခတ်မှုမရှိကြောင်းနှင့် ၎င်းရက်တွင် PDF များမှ မြိတ်မြို့ မဇောကျေးရွာအုပ်စု၊ လက်မဲကျေးရွာရှိ ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့မှုသာရှိကြောင်း သိရှိရသည်။

◾ တိုက်ပွဲမဖြစ်ဘဲ ကြက်ရိုးကုန်းရွာကို တပ်မတော်စစ်ကြောင်းတစ်ခုက အကြောင်းမဲ့လာရောက်မီးရှို့သတင်း မှားယွင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အနီး ကြက်ရိုးကုန်းရွာကို ဇန်နဝါရီ ၁၂ ရက် ယနေ့နံနက် ၇ နာရီအချိန် တပ်မတော်စစ်ကြောင်းတစ်ခုမှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရွာကို အကြောင်းမဲ့လာရောက်မီးရှို့ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို Khit Thit က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ကြက်ရိုးကုန်းကျေးရွာသို့ PDF များရောက်ရှိလာပြီး လူသစ်စုဆောင်းခြင်း၊ ခြိမ်းခြောက် ငွေတောင်းခံခြင်းများပြုလုပ်နေကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံ ပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့သဖြင့် အကြမ်းဖက်သမားများက ကျေးရွာရှိလူနေအိမ်အချို့အား မီးရှို့ထွက်ပြေး သွားခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

◾ မိုးကုတ်မြို့ရှိ ဘော်မားကျေးရွာတွင် မီးလှုံနေသော အမျိုးသား တပ်မတော်က ပစ်သည့်လက်နက်ကြီးထိမှန်ကာ သေဆုံးဟု ကောလာဟလဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ရှိ ဘော်မားကျေးရွာမှ အမျိုးသားတစ်ဦး မီးလှုံနေစဉ် တပ်မတော်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့သည့် ဖြစ်စဉ် ဇန်နဝါရီ ၁၀ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း ကောလာဟလ သတင်းအမှားများကို ဖြန့်ဝေနေမှုအပေါ် သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မိုးကုတ်မြို့နယ်အတွင်း ထိတွေ့ပစ်ခတ်မှုများမရှိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်မှုမရှိကြောင်း၊ အကြမ်းဖက်သမား များ ဝင်ရောက်ဖျက်ဆီးမှုမရှိစေရေးအတွက် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ပြည်သူများအတူ ပုံမှန်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *