October 19, 2024

MT News

၁၃. ၁. ၂၀၂၄

အရှက်အကြောက်တရားကင်းမဲ့ပြီး မြန်မာ့ယဥ်ကျေးမှုနဲ့ ဖီလာဖြစ်နေတဲ့ ညစ်ညမ်း တေးသီချင်း၊ ဗီဒီယို ရိုက်ကူးထုတ်လွှင့်မှုတွေကို အရေးယူတော့မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့မှာ သတိပေးချက် ထုတ်ပြန်လာပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနဟာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကား ရိုက်ကူးထုတ်လွှင့်ပြသရေးနဲ့ ပတ်သက်ပြီး ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနဲ့ ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေတွေနဲ့အညီ ကြီးကြပ်ဆောင်ရွက်နေပြီး လက်ရှိမှာတချို့သော တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူတွေက ထင်ပေါ်ကျော်ကြားမှု ရရှိစေဖို့အတွက် မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူကြည့်ရှုရန် မသင့်လျော်တဲ့၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့တဲ့ တေးသီချင်း ဗီဒီယိုတွေကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ရိုက်ကူးထုတ်လွှင့်နေကြတာကို တွေ့ရှိနေရတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါကြောင့် လူမှုကွန်ရက်စာမျက်နှာ အပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်တဲ့၊ ညစ်ညမ်းတဲ့ အပြောအဆို၊ အပြုအမူတွေ ပါဝင်တဲ့ ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုတွေနဲ့ပတ်သက်ပြီး ထုတ်လုပ်သူ ၊ စီစဉ်ရိုက်ကူးသူ ၊ သရုပ် ဆောင်သူတွေကို တည်ဆဲဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။

ဒီလို အရေးယူတော့မှာဖြစ်တာကြောင့် သက်ဆိုင်ရာအလိုက် ဖွဲ့စည်းထားတဲ့ အစည်းအရုံးတွေကလည်း လိုအပ်သလို ထိန်းကျောင်း တည့်မတ်ပေးနိုင်ဖို့လည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *