၁၆. ၁. ၂၀၂၃
Written by Pan Ei
ကမ္ဘာ့အချမ်းသာဆုံး အမျိုးသားငါးဦးရဲ့ ချမ်းသာကြွယ်ဝမှုတွေက ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်နဲ့ ယှဉ်ရင် အမေရိကန်ဒေါ်လာ ၈၆၉ ဘီလျံအထိ နှစ်ဆကျော် တိုးလာခဲ့ပြီး ဆန့်ကျင်ဘက်အနေနဲ့ကတော့ ကမ္ဘာပေါ်က လူငါးဘီလျံလောက်က ပိုဆင်းရဲသွားတယ်လို့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအဖွဲ့ Oxfam က ပြောကြားခဲ့ပါတယ်။
ဒါးဗို့စ်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) အစည်းအဝေးအတွက် Oxfam ရဲ့ အစီရင်ခံစာအရ အခုအခါ ဘီလျံနာတစ်ဦးဟာ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၁၀ ခုအနက် ၇ ခုရဲ့ အဓိကရှယ်ယာရှင် ဒါမှမဟုတ် လည်ပတ်သူ ဖြစ်တယ်လို့လည်း တွေ့ရှိခဲ့ရပါတယ်။
လက်ရှိ ခေတ်ရေစီးကြောင်းအတိုင်းသာ ဆက်သွားနေမယ်ဆို ကမ္ဘာမှာ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး ထရီလျံနာရှင်ကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ငွေကြေးဖောင်းပွမှု၊ စစ်ပွဲနဲ့ ရာသီဥတုဖောက်ပြန်မှုအကျပ်အတည်းတို့နဲ့ ရင်ဆိုင်နေရတာကြောင့် တစ်ကမ္ဘာလုံးက လူဦးရေ ၅ ဘီလျံနီးပါးကတော့ ပိုမိုဆင်းရဲလာကြတာဖြစ်ပြီး လက်ရှိ လမ်းကြောင်းပေါ် အခြေခံပြီး ဆင်းရဲမွဲတေမှု ပပျောက်ဖို့ဆိုရင်တော့ နှစ်ပေါင်း ၂၃၀ နီးပါး အချိန်ယူရဦးမှာ ဖြစ်ပါတယ်။
Tesla နဲ့ SpaceX အပါအဝင် ကုမ္ပဏီများစွာကို လည်ပတ်နေတဲ့ Elon Musk က မကြာသေးမီနှစ်တွေအတွင်း အကြီးအကျယ်အောင်မြင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ နိုဝင်ဘာလကုန်မှာ အမေရိကန်ဒေါ်လာ ၂၄၅ ဒသမ ၅ ဘီလျံအထိ မြင့်တက်လာခဲ့သလို ၂၀၂၀ ပြည့်နှစ် မတ်လကနဲ့ နှိုင်းယှဉ်ရင် ၇၃၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာပါ။
ပြင်သစ်ဇိမ်ခံပစ္စည်းကုမ္ပဏီ LVMH ရဲ့ ဥက္ကဋ္ဌ Bernard Arnault နဲ့ သူ့မိသားစုဟာ ပိုင်ဆိုင်မှု ဒေါ်လာ ၁၉၁ ဒသမ ၃ ဘီလျံထိ ရှိပြီး ၁၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
Amazon တည်ထောင်သူ Jeff Bezos ဟာ ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၁၆၇ ဒသမ ၄ ဘီလျံရှိပြီး ၂၄ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ Oracle ကို တည်ထောင်သူ Larry Ellison ရဲ့ ကြွယ်ဝမှုကတော့ စုစုပေါင်း ဒေါ်လာ ၁၄၅ ဒသမ ၅ ဘီလျံရှိပြီး ၁၀၇ ရာခိုင်နှုန်း တိုးလာခဲ့တာပါ။
ထိပ်တန်းအချမ်းသာဆုံးပုဂ္ဂိုလ်ငါးဦးစာရင်းမှာ Berkshire Hathaway ရဲ့ အမှုဆောင်အရာရှိချုပ် Warren Buffett ကလည်း အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁၁၉ ဒသမ ၂ ဘီလျံနဲ့ ၄၈ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ပါတယ်။
ခြုံငုံကြည့်ရမယ်ဆိုရင် ဘီလျံနာတွေရဲ့ ချမ်းသာကြွယ်ဝမှုဟာ ၃၄ ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ ၃ ဒသမ ၃ ထရီလီယံ ထိ တိုးလာတာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ကစ သူတို့ရဲ့ ကြွယ်ဝမှုက ငွေကြေးဖောင်းပွမှုနှုန်းထက် သုံးဆပိုမိုမြန်ဆန်လာတာကို မြင်တွေ့ခဲ့ရတယ်လို့လည်း Oxfam က ဆိုပါတယ်။
သူတို့ ဦးဆောင်တဲ့ ကုမ္ပဏီတွေကြောင့် ချမ်းသာကြွယ်ဝမှုတွေ ရရှိကြတဲ့ အမေရိကန် ဘီလျံနာ အများစုဟာ ဒေါ်လာ ၁ ဒသမ ၆ ထရီလျံ ပိုချမ်းသာလာတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
Ref; CNN