October 19, 2024

၁၅. ၁. ၂၀၂၄
Written by Phyo Wei

မြန်မာနိုင်ငံရဲ့ Passport အဆင့်အတန်းက အာဆီယံမှာ အနိမ့်ဆုံးဖြစ်နေတယ်ဆိုတဲ့ ရလဒ်ထွက်လာအပြီးမှာပဲ စင်ကာပူအစိုးရက မြန်မာနိုင်ငံသားတွေကို အရန်ရဲတပ်ဖွဲ့ဝင်အဖြစ် လူသစ်ခေါ်ယူမယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်လာပါတယ်။

တစ်ဖက်မှာလည်း ဆယ်စုနှစ်တစ်စုလောက် အကြမ်း ဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရတဲ့ AA ဟာ မြောက်ပိုင်းသုံးဖွဲ့ရဲ့ တိုက်ပွဲမှာ ဝင်ပါမှုနဲ့အတူ ရခိုင်ပြည်နယ်မှာ ခြေကုပ်ယူဖို့ မြို့တွေ စပြီးရတော့မယ့်အလားအလာရှိနေပြီး ဇန်နဝါရီ ၁၄ ရက်မှာပဲ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ သုံးနိုင်ငံအတွက် အရေးပါသလို ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်နှစ်ခုလုံးအတွက် အချက်အခြာ ပလက်၀မြို့ကို သိမ်းနိုင်ခဲ့ပြီလို့ ထုတ်ပြန်ခဲ့တာကြောင့် နောက်ထပ် ရခိုင်မြို့ငါးမြို့လောက်ဟာ တိုက်ပွဲတွေကြားမှာ လက်လွှတ်ရနိုင်သလား တွေးဆရဦးမဲ့ဖြစ်စဉ်တွေနဲ့ Global Fire Power က ထုတ်ပြန်တဲ့ နိုင်ငံတွေရဲ့ စစ်အင်အားဆိုင်ရာ အဆင့်သတ်မှတ်ချက်မှာ မြို့ပေါင်း ၃၀ နီးပါးနဲ့ စခန်းပေါင်း ၆၀၀ လောက်ကို နှစ်လကျော်နဲ့ လက်လွှတ်ခဲ့ရလို့ အံ့အားသင့်စရာဖြစ်နေတဲ့ တပ်မတော်က အဆင့်သုံးဆင့်ခုန်တက်လာပြီး ၃၅ အထိ ရောက်လာတဲ့ဖြစ်စဉ်တွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ဘုရားစေတီတွေကို ဖျက်ဆီးတဲ့ MNDAA လက်နက်ကိုင်တွေအကြောင်း၊ NUG ဟာ တရုတ်ကို ခခယယချည်းကပ်လာတာတောင် တရုတ်က အဖက်မလုပ်ဘဲ SAC နဲ့ပဲ ဆက်လက်ထိတွေ့နေတယ်ဆိုတဲ့အကြောင်းနဲ့ ကမ္ဘာပေါ်မှာ အရေးပေါ်အကူအညီလိုအပ်နေတဲ့ နိုင်ငံ ၂၀ ထဲမှာ မြန်မာနိုင်ငံက ထိပ်ဆုံးမှာ ရှိနေတယ်ဆိုတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

ဘုရားစေတီ ဖျက်ဆီးတဲ့ MNDAA

MNDAA ကိုတည်ထောင်တဲ့ ဖုန်ကြားရှင်ဟာ ဇို့ချွမ်တရုတ်မျိုးနွယ်ဖြစ်ပြီး ကိုးကန့်ဒေသလမှာ မွေးဖွားပေမဲ့လည်း ပယ်မျိုးရိုးတွေ ကျားဖြန့်နဲ့ ဖမ်းဆီးခံရချိန်မှ ထွက်ပေါ်လာတဲ့ အမှန်တရားလို တရုတ်နိုင်ငံသားဖြစ်နေတဲ့သူတွေလည်း ပါဝင်နေပြီး ကွန်မြူနစ်အယူဝါဒသမားတွေဖြစ်တာကြောင့် အများပြည်သူလက်ခံတဲ့ ဘာသာတရားတွေကို စော်ကားဖျက်ဆီးတတ်တဲ့ အလေ့အထရှိသူတွေလို့ စာထဲကနေ ဖတ်ဖူးကြရာက ကိုးကန့်ဒေသတစ်ခုလုံးကို ထိန်းချုပ်အပြီးမှာတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ ကိုးကွယ်ရာ ဘုရားစေတီတွေကို ဖိနက်နဲ့တက် ထုဖျက်ဖြိုဖျက် ဖျက်ဆီးပြီး သက်သေပြလာပါတယ်။

“လောက်ကိုင်ဒေသ စီအောကျေးရွာရဲ့မြောက်ဘက် ဆင်ဦးကင်းတောင် ပွိုင့် ၂၂၀၂ မှာရှိတဲ့ ကျွန်တော်တို့ ဗုဒ္ဓ ဘာသာဝင်တိုင်း အမြတ်တနိုး တန်ဖိုးထားတဲ့ ဘုရားစေတီတော်ကို MNDAA အကြမ်းဖက်သောင်းကျန်းသူတွေက ဖျက်ဆီးနေတဲ့ပုံကို မနေ့ကတည်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ ဒီနေ့မှာတော့ မန္တလေးမြို့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြမှုများလည်း ရှိပါတယ်။ ဒီတင်ထားတဲ့ ဗွီဒီယိုဖိုင်ကို ကြည့်တဲ့အခါမှာလည်း ဗုဒ္ဓဘာသာဝင်အားလုံးကို လှောင်ပြောင်စော်ကား၊ ဘာသာရေးကိုစော်ကားတဲ့ပုံစံ၊ မြန်မာတစ်မျိုးသားလုံးကို စော်ကားတဲ့ပုံစံ တင်ထားတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ သောင်းကျန်းသူတွေဘက်ကတော့ အကြောင်း အမျိုးမျိုးပြကြတာပေါ့။ သို့သော်ယခင်ကတည်းက ဘုရားစေတီတွေ၊ ကျောင်းကန်တွေကို သောင်းကျန်းသူတွေအနေနဲ့ ဖျက်ဆီးတဲ့အထောက်အထားအများအပြား ရှိပါတယ်။ အနီးစပ်ဆုံးပြောရရင် မူဆယ်မြို့အဝင်မှာရှိတဲ့ ရပ်တော်မူဘုရားကျောင်းဝန်း၊ ဘုန်းကြီးကျောင်းဝန်းကို Drop Bomb နဲ့ အကြောင်းမဲ့ ပစ်ချခဲ့တာတွေ ရှိပါတယ်။ ဒါ့အပြင် အခြားသော သောင်းကျန်းသူတွေ အနေနဲ့လည်း ဗုဒ္ဓဘာသာဝင် ဘုရားစေတီတွေအပေါ်မှာ အကာအကွယ်ယူပြီး ပစ်ခတ်တာတွေ၊ ခံစစ်စခန်းလုပ်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့ပုံစံတွေက သူတို့ပြောနေတဲ့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေးနဲ့ လားလားမျှ သက်ဆိုင်ခြင်းမရှိပါဘူး။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအပေါ်မှာ သက်သက်စော်ကားခြင်း၊ စော်ကားပြခြင်းဖြစ်ပါတယ်။ ဒါတွေ ဘာကြောင့်ဖြစ်ရလဲဆိုတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေကြားထဲမှာ သွေးကွဲနေမှုတွေကို သပ်လျှိုတာ၊ သွေးကွဲနေမှုတွေအပေါ်မှာ အခွင့်ကောင်းယူတာ ဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ကိုးကန့်နယ်မြေကို လက်လွှတ်ဆုံးရှုံးရတာဟာ မြန်မာ နိုင်ငံအတွက်တော့ အချုပ်အခြာအာဏာပိုင်နယ်မြေလည်း လက်လွှတ်ရ၊ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားလည်း စော်ကားခံရ၊ သိက္ခာလည်းကျဆင်းရ၊ ငြိမ်းချမ်းဖို့ ညှိရနှိုင်းရနဲ့ ရှက်တတ်မယ်ဆိုရင် အင်မတန်မှ ရှက်စရာကောင်းတဲ့ဖြစ်ရပ်ဖြစ်ပြီး MNDAA ရဲ့ ဘုရားစေတီဖျက်ဆီးတဲ့ လုပ်ရပ်ဟာ ဗုဒဘာသာကိုးကွယ်တဲ့ မြန်မာနိုင်ငံက နိုင်ငံသားအားလုံးကို စော်ကားလိုက်သလိုမျိုးပါပဲ။

NUG ချည်းကပ်လာပေမဲ့ SAC ကို ထောက်ခံဦးမဲ့ တရုတ်

ပြည်ပရောက်အစိုးရအမည်ခံ NUG ဟာ တရုတ်အကျိုးစီးပွားတွေကို ကာကွယ်ပေးမယ်လို့ အောက်ကျို့ပြီး ကမ်းလှမ်းခဲ့ပေမဲ့ တရုတ်ဘက်ကတော့ အဖက်လုပ်ဆက်ဆံမှုမရှိတာနဲ့ ပတ်သက်ပြီး South China Morning Post က “Myanmar conflict: China unlikely to ‘pull the carpet’ on junta and accept resistance group’s olive branch”ကို ဖော်ပြလာပြီး အဲဒီဆောင်းပါးမှာတော့ အမေရိကန်ပြည်ထောင်စု၊ ငြိမ်းချမ်းရေး Think Tank အဖွဲ့အတွက် မြန်မာပိုင်းဆိုင်ရာအစီအစဉ်ညွှန်ကြားရေးမှူး ဂျေဆန်တာဝါက “NUG အဖို့လည်း ကံမကောင်းဘူးဆိုရမှာပဲ။ တရုတ်အစိုးရက သူ့ဖက်က ကမ်းလှမ်းစည်းရုံးမှုကို အပြုသဘောမြင်လောက်တဲ့ တုံ့ပြန်မှု တစ်စုံတစ်ရာမလုပ်ခဲ့ဘူးဗျ” လို့ သုံးသပ်ပြတာကို ဖော်ပြခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် ဩစတြေးလျနိုင်ငံ၊ Curtin တက္ကသိုလ်က လက်ထောက်ပါမောက္ခဒေါ်ထွေးထွေးသိန်းက “မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအခြေအနေတည်ငြိမ်ဖို့ ကြိုးပမ်းရာမှာ အခက်အခဲတွေ တွေ့နေရချိန်မှာပဲ အချိန်ကိုက် NUG က ဝင်ရောက်လှုပ်ရှားတာပါ”လို့ ဆိုခဲ့တဲ့အပြင် ဩစတြေးလျအမျိုးသားတက္ကသိုလ်က အရှေ့တောင်အာရှဒေသလေ့လာသူ မားစတုန်းကလည်း တရုတ်အစိုးရအနေနဲ့ အလွန်ဆုံး NUG ကို ဆက်ဆံပြောကြားမှုတွေရှိလာခဲ့ရင်တောင် သူ့အနေနဲ့ လက်ရှိမြန်မာအစိုးရကိုပဲ ဆက်လက်ထောက်ခံသွားမှာသေချာတယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဒီနေရာမှာ သုံးသပ်မှုတွေကတော့ တရုတ်အတွက် အဓိက အသက်သွေးကြောဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းဖြတ်သန်းရာ၊ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေ တည်ရှိရာ၊ တရုတ်နိုင်ငံအတွက် အရေးကြီးလှတဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမပူးပေါင်းဆောင်ရွက်ရေးစီမံချက်(BRI)ရဲ့ မြန်မာနိုင်ငံအတွင်း အဓိကကျတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းက ရေနံ၊ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာနယ်မြေဆိုတဲ့အချက်တွေဖြစ်ပြီး ဒီလိုမျိုး နေရာတွေအတွက်က MNDAA၊ TNLA နဲ့ AA တို့နဲ့တင် ညှိနှိုင်းနိုင်ရုံနဲ့ တရုတ်အတွက် အခြေအနေအားလုံးက ၇၀ ရာခိုင်နှုန်းလောက် တည်ငြိမ်သွားနိုင်တဲ့ အခြေအနေကိုမြင်နေရပြီး ဒီလမ်းကြောင်းတွေအတွက် အဓိကကျနေတာကလည်း SAC နဲ့ MNDAA၊ TNLA၊ AA တို့သာဖြစ်နေတဲ့အပြင် အမေရိကန်ကတောင် အကြမ်းဖက်အဖွဲ့အသွင်ပြောလာပြီး ထောက်ပံ့မှုဖြတ်လာတဲ့ NUG နဲ့ မဆက်ဆံချင်ဘူးဆိုတဲ့ အခြေအနေလည်းဖြစ်ရင်ဖြစ်မှာပါ။ ဒါပေမဲ့လည်း တရုတ်၊ SAC နဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ အပေးအယူတွေ၊ အကျိုးစီးပွားတွေ၊ နယ်စပ်ကုန်သွယ်ရေးနဲ့ စီမံကိန်းဆိုင်ရာ ငြိမ်းချမ်းရေးအပေးအယူတွေ၊ နယ်မြေအပိုင်စားပေးမှုတွေက နိုင်ငံနဲ့ပြည်သူနစ်နာစေတာမျိုးမဖြစ်ဖို့တော့ လိုအပ်မှာပါ။

အရေးပေါ်အကူအညီလိုအပ်မှုအများဆုံးနိုင်ငံ ၂၀ ထဲက ထိပ်ဆုံးရောက် မြန်မာ

မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်တွင်း လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ အရေးပေါ် လိုအပ်မှု အများဆုံးနိုင်ငံပေါင်း ၂၀ စာရင်းထဲမှာ ပါဝင်နေတယ်လို နိုင်ငံတကာအဖွဲစည်း တစ်ခုဖြစ်တဲ့ International Rescue Committee (IRC) ရဲ့ ၂၀၂၄ ခုနှစ်အတွင်း လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်မှုနဲ့ ပတ်သက်ပြီးစောင့်ကြည့်ရမယ့် နိုင်ငံပေါင်း ၂၀ စာရင်းမှာ ဖော်ပြထားပါတယ်။ IRC ရဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံက ဆူဒန်၊ ပါလက်စတိုင်း၊ မာလီ၊ ဘာကီနာဖာဆို၊ နိုင်ဂျာ၊ အီသီယိုပီးယား၊ ကွန်ဂိုနိုင်ငံနဲ့အတူ ၂၀၂၄ ခုနှစ်ထဲမှာ လူသားချင်းဆိုင်ရာစာနာမှု အကူအညီလိုအပ်မှုနဲ့ပတ်သက်ပြီး စောင့်ကြည့်ရမယ့် နိုင်ငံပေါင်း၂၀ စာရင်းထဲမှာ မြန်မာနိုင်ငံက ထိပ်ဆုံးအဆင့် ၅ နေရာ ရပ်တည်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာရသူ အရေအတွက်က ၂၀၂၃ ခုနှစ်မှာ ၃၆ ရာခိုင်နှုန်းတိုးလာခဲ့ပြီး လူပေါင်း ၂ သန်းကျော် နေရပ်စွန့်ခွာနေရတာပါ။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ လိုအပ်နေသူအရေအတွက်က ၁၈ ဒသမ ၆ သန်းရှိနေတယ်ဆိုတဲ့အခြေအနေက နိုင်ငံ့လူဦးရေရဲ့ သုံးပုံတစ်ပုံ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေတာကို ညွှန်းဆိုပြနေသလို အာဏာအငြင်းပွားမှုမဖြစ်ပွားခင်အချိန်နဲ့ နှိုင်းယှဉ်ရင် ၉ ဆ မြင့်တက်လာခဲ့တယ်လို သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက လူပေါင်း ၁၅သန်းကျော်ဟာ စားနပ်ရိက္ခာ မလုံခြုံတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရသလို ဒီလိုမျိုး အတိဒုက္ခရောက်နေသူတွေကို ကူညီဖို့ကလည်း အမေရိကန်ဒေါ်လာတစ်ဘီလျံနီးပါး လိုနေသေးတာပါ။ ဒါ့အပြင် ဒုက္ခသည်စခန်းတွေကို အမှန်တကယ်ကူညီထောက်ပံ့နိုင်မှုမရှိတာ၊ အရေးပေါ် ထောက်ပံ့ကူညီရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံနေရတာတွေလည်း ရှိနေသေးတာပါ။ စစ်ရှောင်ဒုက္ခသည်တွေကို အရေးပေါ် ကူညီထောက်ပံရေးလမ်းကြောင်းတွေ တားမြစ်ခံရတဲ့ အဓိကပြဿနာဟာ စစ်ရှောင်စခန်းတွေက PDF စခန်းဘေးရှိနေပြီး PDF တွေက စောင့်ရှောက်တယ်အမည်ခံ၊ အလှူခံပြီး PDF စခန်းတွေကို တိုက်ခိုက်မှုပြုလာရင်တောင် ပြည်သူတွေကိုတိုက်ခိုက်နေတယ်လို့ ကမ္ဘာကိုအော်နေတာကလည်း ထောက်ပို့မှုတွေ စိစစ်တားမြစ်ခံရတဲ့အချက်လည်းဖြစ်နေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အရေးပေါ်ကူညီကယ်ဆယ်မှုတွေ ထိရောက်ချင်တယ်ဆိုရင် PDF တွေ ထိန်းချုပ်ထားတဲ့ ဒုက္ခသည်စခန်းဘေးက လူသားဒိုင်းဖြစ်နေတဲ့ စစ်ရှောင်ပြည်သူနဲ့ လက်နက်ကိုင် PDF ကို ခွဲထုတ်ပြီး ဒုက္ခသည်အစစ်အသွင်ဖြစ်လာမှ အရေးပေါ်ထောက်ပံ့ကူညီမှုတွေ တားမြစ်ခံရမှုမရှိ ထိရောက်မှာပါ။ အဲဒီလိုမဟုတ်ဘဲ PDF က စစ်ရှောင်စခန်းကို လူသားဒိုင်းလုပ်ထား၊ ဒုက္ခသည်ထောက်ပံ့ကူညီတာ PDF ရိက္ခာဖြစ်နေသရွေ့ အရေးပေါ်ကူညီထောက်ပံ့မှုတွေ မထိရောက်သလို NGO တွေက မြန်မာပြည်သူဗန်းပြ ဆန်တောင်းတာ၊ ဒုက္ခသည်အကြောင်းပြ အလှူခံလိမ်စားတာတွေ ဆက်ကြုံနေမှာဖြစ်သလို ဇာတ်မျောကြီးဖြစ်လာနေတဲ့ စစ်ကိုထောက်ခံနေသရွေ့တော့ သေကြေပျက်စီး ဒုက္ခရောက်တဲ့ အငတ်ဘေးမီးက ကာလရှည်ကြာနေရဦးမှာလို့ သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *