၁၅. ၁. ၂၀၂၄
Written by Phyo Wei
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အနီးမှာ အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှု လုပ်ဆောင်နေတာကို နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee တို့ ထပ်မံဆွေးနွေးခဲ့တဲ့ ဒီရက်သတ္တပတ်မှာပဲ ကိုဗစ်ကပ်ရောဂါအပြင် နိုင်ငံရေးအခြေအနေတွေကြောင့် မြန်မာနိုင်ငံက လူပေါင်း ၂၅ သန်းကျော် ဆင်းရဲစွာနေထိုင်နေရတယ်လို့ ကုလသမဂ္ဂ အဖွဲအစည်းဖြစ်တဲ့ UNHCR ရဲ့ အချက်အလက်တွေကို ကိုးကားပြီး Relief Web ဝက်ဘ်ဆိုတ်မှာ ဖော်ပြလာတာကို တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း ဆန်စျေးထိန်းချုပ်မယ်လို့ ဟန်ပြလေသံတွေ ထပ်ကြားရပြီး ထူးခြားတဲ့ ထိန်း ကျောင်းမှုမမြင်ရဘဲ ဆန်ဈေးတည်ငြိမ်ရေးနဲ့ ဈေးမကစားစေရေးဆိုပြီး ဈေးဝယ်စင်တာတွေ လက်လီ/လက်ကား ဆန်အရောင်းဆိုင်တွေကို ဆန်သိုလှောင်မှုအတွက် မှတ်ပုံတင်ဖို့ ထပ်မံအသိပေးတဲ့ဖြစ်စဉ် တွေ့မြင်ခဲ့ရတဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ဟွန်ဒီတွေကို ဖမ်းဆီးလိုက်တဲ့အကြောင်း၊ ထိုင်းအစိုးရက ထားဝယ်အထူးစီးပွားရေးဇုန် ပြန်လုပ်ဖို့ ကမ်းလှမ်းလာပြန်တဲ့အကြောင်းနဲ့ ပြန်စတင်မယ်ဆိုတဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန်အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾ ဖမ်းဆီးလိုက်တဲ့ ဟွန်ဒီ
လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းက ပြည်ပရောက်မြန်မာတွေ အသုံးများတဲ့ တရားမဝင်ငွေလွှဲပြောင်းမှု ဟွန်ဒီလုပ်ငန်းတွေဟာ ၂၀၁၉ အတွင်းမှာ လိုင်စင်တချို့ထုတ်ပေးတာ၊ ဘဏ်တွေနဲ့ နိုင်ငံခြားဘဏ်တွေကို လိုင်စင်ထုတ်ပေးတာနဲ့ ပြည်တွင်းမှာ မိုဘိုင်းငွေပေးချေမှု လုပ်ငန်းတွေ များပြားလာတာနဲ့အတူ တိမ်မြုပ် ပျောက်ကွယ်သွားခဲ့ပေမယ့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်နောက်ပိုင်းကစလို့ တကျော့ပြန် တွင်ကျယ်လာတာကြောင့် မြန်မာနိုင်ငံဟာ FATF မှာတောင် Blacklist ဝင်ခဲ့ရတဲ့အချက်တစ်ချက်အဖြစ် တရားမဝင်ငွေလွှဲပြောင်းမှုဇာစ်မြစ် ဟွန်ဒီတွေက ဒုက္ခပေးခဲ့တာပါ။
အရင်တုန်းက စစ်တမ်းတွေအရ ဟွန်ဒီတွေဟာ တစ်နှစ်ကို ဒေါ်လာ ၅ ဘီလျံလောက်အထိ စီးဆင်းနေတာဖြစ်ပြီး ဒီပမာဏဟာ တရားဝင်စီးဆင်းမှုထက် လေးဆလောက်များနေခဲ့တဲ့ ပမာဏလည်းဖြစ်ခဲ့တာပါ။ ပိုဆိုးတာက ဒီလိုမျိုး ဟွန်ဒီတွေ ခေါင်းထောင်လာတဲ့ဒီကာလဟာ မြန်မာ နိုင်ငံအတွင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၆၀၀ လောက်ဖြစ်လာပြီး ဒီလိုမျိုး တရားမဝင် ငွေလွှဲပြောင်းမှုတွေဟာ အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး (Countering the Financing of Terrorism- CFT) နဲ့ လူအများအပြား သေကျေစေနိုင်တဲ့ လက်နက်များပြန့်ပွားစေရေး ငွေကြေးထောက်ပံ့မှုတွေဖြစ်လာနေတာပါ။ ဒါကြောင့် FATF ရဲ့ အမည်ပျက်စာရင်းဝင်စအချိန်မှာ ဒီလိုမျိုး တရားမဝင် ငွေလွှဲပြောင်းမှုလုပ်ငန်းတွေကို အရေးယူမယ်လို့ ကြေညာခဲ့ပေမဲ့လည်း ဖမ်းဆီးနိုင်မှု ဟုတ္တိပတ္တိမမြင်ခဲ့ရဘဲ အခုရက်ပိုင်းမှပဲ တရားဝင် လုပ်ငန်းလိုင်စင် ရယူထားခြင်းမရှိဘဲ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ မလေးရှားနိုင်ငံတွေက မြန်မာအလုပ်သမားလစာငွေ တရားမဝင်လွှဲပြောင်းထုတ်ပေးသူ ၉ ဦး၊ ကုန်ပစ္စည်း ဝယ်ယူမှုအတွက် တရားမဝင်ငွေ လွှဲပြောင်းပေးချေပေးသူ ၃ ဦးနဲ့ နိုင်ငံခြားငွေကနေ မြန်မာကျပ်ငွေ လဲလှယ်ပြီး ပြည်တွင်းမှာ ငွေလွှဲပြောင်းထုတ်ပေးသူ ၈ ဦး စုစုပေါင်း တရားမဝင် ဟွန်ဒီ (Hundi)လုပ်ငန်းဆောင်ရွက်နေသူ ၂၀ ကို ဗဟိုဘဏ်က တရားစွဲလာတာ တွေ့ရတာပါ။ တရားမဝင် ဟွန်ဒီ လွှဲပြောင်းမှုတွေဟာ နိုင်ငံအခွန်အခမရတဲ့ နစ်နာမှုအပြင် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တာနဲ့ လူအစုလိုက်အပြုလိုက်သေစေတဲ့လက်နက်တွေအတွက် ပံ့ပိုးလှူဒါန်းတဲ့ စီးဆင်းမှုတွေ ဖြစ်လာနေတာမို့လို့ ဒီ့ထက်မက အရေးယူပြနိုင်ဖို့နဲ့ ဒီလို တရားမဝင်ငွေကြေးစီးဆင်းမှု အရင်လို ကင်းရှင်းသွားအောင် လုပ်နိုင်ဖို့ကလည်း အရေးတကြီးလိုအပ်ပါတယ်။
◾ ထိုင်းက ကမ်းလှမ်းလာပြန်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်
ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနှစ်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် တာဝန်ပေးထားတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီက ရှေ့ဆက်မတိုးနိုင်ဘဲ လုပ်ငန်းရပ်စဲထားခဲ့ရတာကြောင့် သူ့နောက်မှ လုပ်လာတဲ့ သီလဝါအထူးစီးပွားရေးဇုန်အောင်မြင်မှုရနေပြီလို့ ပြောရမဲ့အချိန်မှာတောင် ထားဝယ်အထူးစီးပွားရေးဇုန်က အကြမ်းထည်အဆင့်နဲ့ ဘာတစ်ခုမှ တိုးတက်မလာတာ ၁၆ နှစ်တိုင်ပါပြီ။ ဒီ့နောက်မှာတော့ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဂျပန်နိုင်ငံပါဝင်လာဖို့ မြန်မာ-ထိုင်း-ဂျပန် သုံးပွင့်ဆိုင်ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမဲ့လည်း ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံရေးမတည်ငြိမ်မှုအခင်းအကျင်းတွေအောက်မှာ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ မှိန်ဖျော့လာခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းထဲ ထိုင်းနိုင်ငံမှာ ရွေးကောက်ခံအစိုးရသစ်အပြောင်းအလဲနဲ့ အတူ ပြန်လည်စိတ်ဝင်တစား ကမ်းလှမ်းမှု ပြန်ရလာတာကို တွေ့ရပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်ဟာ ဟတ်တာ ၂၀၀၀၀ လောက်ရှိပြီး တည်ဆောက်ပြီးစီးလို့ အောင်မြင်စွာလည်ပတ်နိုင်မယ်ဆိုရင် အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်လာမဲ့အပြင် ရေနက်ဆိပ်ကမ်းပါ ပါဝင်လာနိုင်မှာဖြစ်လို့ ဒီစီမံကိန်းဟာ မြန်မာ့စီးပွားရေးကို အဆပေါင်း ဆယ်ချီ ဆွဲတင်ပေးနိုင်မယ်လို့ ပညာရှင်တွေ ခန့်မှန်းတွက်ချက်ခံထားရတဲ့ စီမံကိန်းကြီးပါ။ စီမံကိန်းပမာဏကြီးလွန်းတာနဲ့ အီတာလျံ-ထိုင်းက မလုပ်နိုင်တာကြောင့် ဟက်တာ ၃၀ လောက်မှာပဲ ကနဦးစီမံကိန်းအဖြစ် စက်မှုလုပ်ငန်းနယ်မြေ၊ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိ ဖောက်လုပ်မယ့် နှစ်လမ်းသွား ကတ္တရာလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦး မြို့ပြအိမ်ရာလုပ်ငန်း၊ ကနဦး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ ယာယီ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ ရေရရှိရေး လုပ်ငန်း (ပယင်းဖြူဆည်တည်ဆောက်ခြင်း)၊ တယ်လီဖုန်းလိုင်းဆက်သွယ်ရေးနဲ့ သဘာဝဓာတ်ငွေ့ရည်ဆိပ်ကမ်း စတဲ့ ကိုးခုနဲ့ လုပ်ဖို့ကို အခုအချိန်အထိ ဖြစ်မလာခဲ့တာပါ။ တကယ်ဆို ဒီစီမံကိန်းဟာ အောင်မြင်သင့်ချိန်တန်နေပြီဖြစ်ပြီး အခုအချိန်အထိ ရှေ့ဆက်မတိုးနိုင်ခဲ့တာက ထိုင်းဘက်က လိုအပ်ချက်လား၊ မြန်မာဘက်က လိုအပ်ချက်လား၊ ဘာတွေက နှောင့်နှေးစေခဲ့သလဲဆိုတာကို အဖြေအရင်ထုတ်ပြီးမှ ပြန်စတာက အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။
◾ပြန်စတင်မယ်ဆိုတဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေး
တစ်ရက်ကို အမေရိကန်ဒေါ်လာ ၉ သန်းကျော် ၁၀ သန်းနီးပါး ကုန်သွယ်နေတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းဟာ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကစလို့ ကုန်သွယ်မှုလမ်းကြောင်း ပြတ်တောက်နေပေမဲ့လည်း ရှမ်းမြောက်က မြို့ ၂၀ နီးပါးနဲ့ တပ်စခန်းကုန်း ၅၀၀ လောက်ကို MNDAA နဲ့ TNLA သိမ်းယူပြီးလို့ တရုတ်ကြားဝင်လာတာကြောင့် ယာယီအပစ်အခတ် ရပ်စဲမှုမှာတော့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ဖို့ဆိုတဲ့ အချက်ပါဝင်လာပါတယ်။
လက်နက်ကိုင်စစ်ပွဲတွေကြောင့် မြန်မာက ပို့ကုန်တွေကို တရားဝင်ရော၊ တရားမဝင်ပါ စျေးနှိမ်တင်သွင်းနေတဲ့ တရုတ်နိုင်ငံဟာ စစ်ပွဲဂယက်ကြောင့် သူ့နိုင်ငံအကျိုးစီးပွားထိခိုက်လာလို့ အပစ်ရပ်ဖို့ ကုန်သွယ်မှုလမ်းကြောင်းတွေ ပြန်စဖို့ ပြောလာပေမဲ့လည်း လက်ရှိအချိန်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကုန်သွယ် ရေးလမ်းကြောင်းတွေ၊ ကုန်သွယ်ရေးစခန်းတွေနဲ့ လမ်းတွေ၊ တံတားတွေဟာ မြောက်ပိုင်းသုံးဖွဲ့ ဖျက်ဆီးထားတာနဲ့ တိုက်ပွဲတွေကြောင့် ပြန်လည် လည်ပတ်ဖို့ အသင့်ဖြစ်နေတဲ့ အခြေအနေ ရှိမနေခဲ့သလို အပစ်ရပ်မှုကလည်း ယာယီဖြစ်တာ၊ ငြိမ်းချမ်းရေးဆွေးနွေးချိန်မှာ နယ်မြေအသိအမှတ်ပြုပေးမှုမပါသေးဘဲ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က ထိုးစစ်ရပ်ဖို့၊ တပ်ဘက်ကလည်း မြောက်ပိုင်းသုံးဖွဲ့သိမ်းသွားတဲ့ မြို့တွေစခန်းကုန်းတွေ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုရပ်ဖို့ဆိုတဲ့ အခြေအနေတွေပဲ ပါခဲ့တာကြောင့် ရှမ်းမြောက်က တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်စနိုင်ဖို့ကတော့ ကြာဦးမယ့်သဘောပါ။ တစ်ဖက်မှာလည်း ဒီလိုမျိုး မြောက်ပိုင်းသုံးဖွဲ့ချိုးဖျက်လိုက်တဲ့ လမ်းကြောင်းတွေကို၊ တံတားတွေကို၊ နယ်စပ်စခန်းတွေကို တိုင်းပြည်ဘတ်ဂျက်က ကျခံမှာလား။ တရုတ်နဲ့ မြောက်ပိုင်းသုံးဖွဲ့က အကုန်အကျခံမှာလားဆိုတဲ့ မေးခွန်းကလည်း လူထုကြား သိချင်စရာမေးခွန်းအဖြစ် ရှိလာပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUG၊ PDF တွေဟာ ဒီတစ်ကြိမ်တိုက်တဲ့စစ်ပွဲမှာ အလုံးစုံပျက်သုဉ်းရေးဆိုတဲ့မူနဲ့ ပြည်သူနဲ့နိုင်ငံပိုင်လမ်းတွေ၊ တံတားတွေ၊ အဆောက် အအုံ ထောင်နဲ့ချီကို ဖျက်ဆီးနေတာပါ။ ဟိုးအရင် နှစ် ၇၀ လောက်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်တွေက နိုင်ငံပိုင်ပစ္စည်းတွေ ဖျက်ဆီးလိုက်၊ ပြည်သူနဲ့နိုင်ငံက ပြန်အကုန်အကျခံပြင်လိုက်နဲ့ တိုင်းပြည်ကပဲနစ်နာနေရတဲ့ သံသရာလည်မှုတွေ ဒီအချိန်မှာ ရပ်တန့်သင့်ပြီပြောရမှာဖြစ်သလို လမ်းတွေ၊ တံတားတွေ။ အစိုးရရုံးတွေ ဖျက်ဆီးလိုက်ရင် အဲဒီဖျက်ဆီးတဲ့အဖွဲ့နဲ့ ဖျက်ဆီးတာကို လက်ခံတဲ့ ဒေသတွေကပဲ အကုန်အကျခံပြန်တည်ဆောက်ဖို့ မူဝါဒတွေလည်း ချသင့်နေပြီဖြစ်ပါတယ်။ မငြိမ်းချမ်းသေးတဲ့အခြေအနေမှာ တရုတ်ကမ်းလှမ်းလို့ ကုန်သွယ်မှုလမ်းတွေ ပြန်ဖွင့်၊ လမ်းတွေ၊ တံတားတွေ နိုင်ငံ့ဘဏ္ဍာက ပြန်ဆောက်၊ စစ်ပြန်ဖြစ်ကြလို့ တစ်ခါထပ်ချိုးချရင် နိုင်ငံနဲ့ ပြည်သူကပဲ မိအေး အခါခါနာဦးမှာမို့လို့ ဒီလိုအဖြစ်မျိုးတွေ ရပ်တန်းကရပ်ဖို့ ကြံဆပါဦးလို့ တာဝန်ရှိသူတွေကို တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။