October 19, 2024

ကမ္ဘာ့‌ရွှေဈေး ပြန်ကျခဲ့ချိန် ပြည်တွင်းရွှေဈေး ကျဆင်းမှုမရှိဘဲ ကမ္ဘာ့ရွှေစျေးတက်ချိန် အမြင့်ဈေးထက် ထပ်မံမြင့်တက်နေ

၁၅. ၁. ၂၀၂၄
Written by Ye Kyaw

ဒေါ်လာဈေးနှုန်း ဆက်တိုက် တည်ငြိမ်နေသော်လည်း ကမ္ဘာ့ဈေးရွှေနှုန်း ၂၀၀၀ အောက် ပြန်လည် မကျဆင်းသေး၍ ပြည်တွင်းရွှေဈေး အမြင့်ဈေးထက်ပင် ထပ်မံမြင့်တက်ခဲ့သည့်အတွက် ရွှေဈေးကွက် အရောင်းအဝယ်အေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

၂၀၂၃ ခုနှစ် နှစ်သစ်ကူးရုံးပိတ်မတိုင်မီ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းတွင် ဒေါ်လာဈေးနှုန်းများ ကျဆင်းခဲ့သည့်အချိန်တွင် ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၇၂၀,၀၀၀ ခန့်သာ ရှိခဲ့ရာမှ ယနေ့တွင် ကျပ် ၃,၇၇၅,၀၀၀ အထိ မြင့်တက်လာ၍ နှစ်ပတ်ကျော်အတွင်း ပြည်တွင်းရွှေဈေး ကျပ် ၅၀,၀၀၀ ကျော် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

“ပြည်တွင်း Market က ဈေးက နည်းနည်းမြင့်နေတယ်။ အရောင်းအဝယ်တော့ အေးတယ်။ ကမ္ဘာ့ရွှေဈေး တက်ထားတော့၊ ကမ္ဘာ့‌ရွှေဈေးကလည်း ဒေါ်လာ ၂၀၀၀ အောက်ကို မကျသေးဘူး။ တစ်ခါမှ မတက်ဖူးဘူး။ အခုဟာက ၂၀၀၀ အထိအောင်ဆိုတော့ ကျဖို့က ဒီကမ္ဘာ့ဈေးက ထောက်ထားသလိုဖြစ်နေတာ။ မကျဖူးဖြစ်နေတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲလှယ်နှုန်းအား မထိန်းချုပ်တော့ကြောင်း ကြေညာပြီးနောက် ပြည်တွင်း ရွှေဈေးနှုန်းအတွက် ဒေါ်လာဈေးနှုန်းကို ဈေးကွက်ပေါက်ဈေး တစ်ခုတည်းပေါ်တွင် တွက်ချက်ရခြင်းကြောင့် ပြည်တွင်း‌ရွှေဈေးနှုန်း အတက်အကျသည် ကမ္ဘာ့ရွှေဈေးနှုန်း အတက်အကျပေါ်မှာသာ မူတည်တော့ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YEGA) သိရသည်။

သို့သော် ကမ္ဘာ့‌ရွှေ‌ဈေးနှုန်း တစ်အောင်စလျှင် ဒေါ်လာ ၂၀၈၀ ကျော်မှ ဒေါ်လာ ၂၀၂၇ အထိ (ဒေါ်လာ ၅၀ ကျော်) ကျဆင်းခဲ့သည့် ဇန်နဝါရီ ၈ ရက်နှင့် ယင်းနောက်ပိုင်းတွင်မူ ပြည်တွင်းရွှေဈေး ကျဆင်းလာခြင်းမရှိဘဲ ကျပ် ၃,၇၂၀,၀၀၀ ဝန်းကျင်မှာသာ ဆက်ရှိနေခဲ့ပြီး ယခုရက်ပိုင်း ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၂၀၅၄ သို့ ပြန်လည်မြင့်တက်လာချိန်တွင် ‌ရွှေဈေးနှုန်း ကျပ် ၃,၇၇၅,၀၀၀ အထိ ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ ဇန်နဝါရီ ၁၂ ရက် ရွှေဈေးနှုန်း ၃,၇၆၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၅၀ ကျပ်၊ ဇန်နဝါရီ ၁၃ ရက်တွင် ရွှေဈေးနှုန်း ၃,၇၇၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၅၀ ကျပ်၊ ဇန်နဝါရီ ၁၄ ရက်တွင် ရွှေဈေးနှုန်း ၃,၇၇၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၅၀ ကျပ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ရွှေဈေးနှုန်း ၃,၇၇၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၅၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *